တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိ၊ ကူးစက်ခံထားရသူ ၈၀၄၀၉ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိ၊ ကူးစက်ခံထားရသူ ၈၀၄၀၉ ဦးရှိနေ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် မတ် ၅ ရက်တွင် ၃၁ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းသည် ၃၀၀၀ ကျော်သွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် မတ် ၄ ရက် အကုန်ပိုင်းအထိ ၃၀၁၂ ဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။ သေဆုံးသူအများစုဖြစ်သည့် ၂၃၀၅ ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့မှ ဖြစ်သည်။ ဟူပေးပြည်နယ်အတွင်းရှိ ဝူဟန်နှင့် အခြား မြို့အများအပြားကို ဇန်နဝါရီအကုန်ပိုင်းမှစ၍ လူဝင်လူထွက်ပိတ်ပင်ထားခဲ့သည်။

တရုတ်နိုင်ငံ၌ မတ် ၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၃၉ ဦးရှိခဲ့ရာ မတ် ၃ ရက်တွင်ရှိခဲ့သည့် ၁၁၉ ဦးထက် ဦးရေတိုးလာခဲ့သည်။ ကူးစက်ခံရသူသစ်များအနက် ငါးဦးသာ ဟူပေးပြည်နယ် အပြင်ဘက်မှ ဖြစ်သည်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၀၄၀၉ ဦးရှိနေပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံနှင့် နယ်မြေ ၈၀ ခန့်သို့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်နိုင်ငံသည် ပြည်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူများ နိုင်ငံတွင်းသို့ဝင်ရောက်မည်ကို စိုးရိမ်နေသည်။ တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၀၀ ကျော်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၃ ဒသမ ၄ ရာခိုင်နှုန်းသေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းအောက်သာရှိသည့် ရာသီတုတ်ကွေးထက်ပိုမိုများပြားနေသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် အခွင့်အလမ်းရှိနေဆဲဖြစ်ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က ဂျနီဗာ၌ ပြောဆိုခဲ့သည်။