အခုဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ တိုးတက်တဲ့အရွေ့တစ်ခုကို ပိုင်ဆိုင်လာနေပါပြီ။ ကမ္ဘာတစ်လွှားက မန်ချက်စတာယူနိုက်တက် ပရိသတ်တွေလည်း တိုးတက်ပြောင်းလဲသွားတဲ့ မန်ယူအပေါ်မှာ ယုံကြည်မှုတွေ တိုးလာနေပါပြီ။ အခုလို အရွေ့တစ်ခုကို ပိုင်ဆိုင်သွားခြင်းမှာ အဓိကကျခဲ့သူတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူက စာချုပ်လိုက်တဲ့ ပေါ်တူဂီလက်ရွေးစင် ဘရူနို ဖာနန်ဒက်ဇ်ပဲ ဖြစ်ပါတယ်။
မက်ဂွိုင်းယားကို စျေးကြီးပေးခေါ်ခဲ့စဉ်ကလည်း အခုလိုမဖြစ်ခဲ့ဘူး။ ဘစ်ဆာကာကို ခေါ်ခဲ့တော့လည်း ဘာမှမဖြစ် ခဲ့ဘူး။ ပေါ့ဂ်ဘာ ရောက်လာစဉ်က ဒီလို အရွေ့တစ်ခု ရွေ့မလား မန်ယူပရိသတ်တွေ၊ မန်ယူ ကစားသမားဟောင်းတွေ မျှော်လင့်ခဲ့တယ်။ မရွေ့ခဲ့ဘူး။ မတိုးတက်ခဲ့ဘူး။ အခုဘရူနိုဖာနန်ဒက်ဇ်ကို ခေါ်ယူလိုက်မှ မန်ယူဟာ ယုံကြည်မှုတွေ ရရှိသွားတာဖြစ်ပါတယ်။ ဒါဟာထူး ခြားမှုပါ။ ဒါဟာ မန်ယူရဲ့ တိုးတက်ပြောင်းလဲလာတဲ့ အရွေ့တစ်ခုပါ။
ဖာနန်ဒက်ဇ်ရောက်လာပြီးတဲ့နောက် သူစတင်ကစားတဲ့ မန်ယူ ဝ−ဝ ဝုဗ်ဗာဟန်တန်ပွဲကစပြီး ပြန်ကြည့်လိုက်ပါ။ မန်ယူရဲ့ရလဒ်တွေ ဘယ်လို ထွက်ခဲ့သလဲဆိုရင် မန်ယူ ဝ−ဝ ဝုဗ်ဗာဟန်တန်၊ ချယ်လ်ဆီး ဝ−၂ မန်ယူ၊ ဘရုဂျက်၁−၁ မန်ယူ၊ မန်ယူ ၃−ဝ ဝက်ဖို့ဒ်၊ မန်ယူ ၅−ဝ ဘရုဂျက်၊အဲဗာတန် ၁−၁ မန်ယူ ဆိုတဲ့ ရလဒ်တွေ ထွက်လာခဲ့ပါတယ်။ထူးခြားမှုအနေနဲ့-- မန်ယူခံစစ်ဟာ အဲဒီ ခြောက်ပွဲမှာဘယ်နှစ်ဂိုး အသွင်းခံရသလဲ၊ တိုက်စစ်က ဘယ်နှစ်ဂိုးသွင်းခဲ့သလဲကို ဆန်းစစ်ကြည့်လိုက်ရင် ခံစစ်က နှစ်ဂိုးပဲပေးရတာ တွေ့ရမှာပါ။ ဒါတောင် အဲဗာတန်ပွဲမှာ ဒီဂီယာ မမှားသင့်တဲ့ အမှားကနေ ဂိုးပေးခဲ့ရလို့ ဖြစ်ပါတယ်။ တိုက်စစ်က ၁၂ ဂိုးသွင်းခဲ့တယ်၊ ခြောက်ပွဲမှာ သုံးပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံးပွဲမရှိ ကစားခဲ့တယ်။ ပရီမီယာလိဂ်မှာ နှစ်ပွဲနိုင် နှစ်ပွဲသရေကျခဲ့ပါတယ်။ ဒီရလဒ်ဟာ ဘရူနိုဖာနန်ဒက်ဇ် ရောက်လာပြီး နောက် ရလဒ်တွေ ဖြစ်ပါတယ်။
အဲဒါ ထူးခြားချက်ဖြစ်တယ်။ တိုးတက်တဲ့ အရွေ့ဖြစ်တယ်။ ဘရူနိုဖာနန်ဒက်ဇ်ကြောင့် ပြောင်းလဲသွားခဲ့တာပါ။ ဖာနန်ဒက်ဇ်ရောက်ပြီး အချိန်တို တစ်လအတွင်းမှာ မန်ယူဟာ စတင်ရွေ့သွားပါပြီ။ဖာနန်ဒက်ဇ်ဟာ သူကစားခဲ့တဲ့ခြောက်ပွဲမှာ သုံးဂိုးသွင်းခဲ့တယ်။နှစ်ကြိမ် ဂိုးရအောင် ဖန်တီးခဲ့တယ်။ အဲဗာတန်ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးဟာ သူ့အရည်အသွေး ဖြစ်ပါတယ်။ အသင်းကို ဦးဆောင်မောင်းနှင် ကစားနိုင်ခဲ့တယ်။ကစားသမားတွေ ယုံကြည်မှုပြည့်ဝ လာကြတယ်။
တိုက်စစ်က မာရှယ်နဲ့ ဖာနန်ဒက်ဇ် အပြန်အလှန် နားလည်မှုရှိလာပေမဲ့ နည်းနည်း လိုသေးပြီး၊ သူမရောက်ခင်က အသင်းမှာ ပုံမှန်နေရာမရတဲ့ ဖရက်ဒ်ဟာ ဖာနန်ဒက်ဇ် ရောက်လာပြီးမှာ အသင်းနဲ့အသားကျ တွဲဖက်ကစားလာနိုင်တယ်။ ဂိုးတွေလည်း သွင်းလာနိုင်တယ်။ အသင်းရဲ့Tempo အတက်အကျကို ဖာနန်ဒက်ဇ်ဟာ ထိန်းကျောင်းမောင်းနှင်နိုင်တာ တွေ့ရတယ်။မက်တွန်မီနေးလည်း အသင်းနဲ့ တွဲဖက်ကစားလာနိုင်တယ်။ မန်ယူရဲ့ Attacking ဟာ ထိထိရောက်ရောက် တွေ ဖြစ်လာတယ်။
ဒါကြောင့်လည်း ဆိုးလ်ရှားက ဖာနန်ဒက်ဇ်ကို ပေါလ်စခိုးလ်လက်သစ်၊ ဗီရွန်လက်သစ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပေါလ်စခိုးလ်နဲ့ ဗီရွန်တို့ဟာ အသင်းရဲ့အခြေအနေ ရုတ်ချည်းပြောင်းလဲသွားအောင် မောင်းနှင်နိုင်သူတွေ ဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ဟာလည်း အသင်းကို ရုတ်ချည်းပြောင်းလဲအောင် ဦးဆောင်နိုင်သူလို့ ဆိုးလ်ရှားဟာ မြင်ထားပါတယ်။ ဝက်ဖို့ဒ်ကို ၃−ဝ နဲ့ မန်ယူအနိုင်ရတဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောခဲ့တာပါ။ အဲဒီပွဲမှာ ဖာနန်ဒက်ဇ်ဟာ တစ်ဂိုးသွင်းခဲ့ပြီး ဂိုးရအောင်လည်း တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပရိသတ်တွေလည်း သဘောကျခဲ့ကြတယ်။
အဲဒီပွဲပြီးတော့ ဘရုဂျက်နဲ့ ကစားတော့လည်း ဖာနန်ဒက်ဇ်ဟာ ဦးဆောင်ကစားသွားခဲ့ပါတယ်။ပင်နယ်တီကိုလည်း တည်တည်ငြိမ်ငြိမ် ကန်ပြီး မန်ယူရဲ့ယုံကြည်မှုကို တည်ဆောက်ပေးခဲ့တယ်။ သူ့ကို ဝယ်ယူခဲ့တာ မှန်ကန်တဲ့ ထိရောက်မှုဖြစ်တယ်။သူဟာကစားတဲ့ ပွဲတိုင်းမှာ ကြိုးကြိုးစားစား အားသွန်ခွန်စိုက် ကစားခဲ့တယ်။ အားလုံးကိုလည်း လှုံ့ဆော်မှုပေးနိုင်တယ်။ သူ့ကစားပုံကြောင့် အသင်းက တက်ကြွလာတယ်။ ပရိသတ်တွေလည်း ကျေနပ်လာကြတယ်။ သူဟာ အသင်းရဲ့ အလွန်အရေးပါတဲ့သူ ဖြစ်သွားပြီလို့မန်ယူ မန်နေဂျာ ဆိုးလ်ရှားက ပြောခဲ့တာပါ။ ဆိုးလ်ရှားစကားနဲ့တင် ကျေနပ်စရာ မဟုတ်ပါဘူး။ သူကစားတဲ့ ပွဲတွေကြည့်တဲ့သူတိုင်းက ကျေနပ်ခဲ့ကြ၊ အားရခဲ့ကြတာပါ။ မန်ယူတော့ အရင်လိုဖြစ်လာတော့မယ်လို့ မြင်လာခဲ့ကြတယ်။ ဖာဂူဆန်အလွန် မန်ယူရဲ့အရွေ့ကို မြင်တွေ့နေရပါပြီ။ဇန်နဝါရီမှာ မန်ယူရောက်လာတယ်။ အသင်းရဲ့ ပင်နယ်တီကန်ခွင့်ရ ကစားသမားဖြစ်ခဲ့တယ်။ အရင်က ရပ်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ဟာ ပင်နယ်တီကန်နေကျ။ သူတို့နှစ်ဦး မကစားနိုင်တော့ မာရှယ်ကို ကန်ခွင့်ပေးတယ်။ အခုတော့ ဖာနန်ဒက်ဇ်ကို တာဝန်ပေးခဲ့တယ်။ ဖာနန်ဒက်ဇ်ဟာ မန်ယူရတဲ့ ပင်နယ်တီ နှစ်ကြိမ်စလုံးကို တည်တည်ငြိမ်ငြိမ် ကန်နိုင်ခဲ့ပါတယ်။ မနေ့တစ်နေ့ကမှ ရောက်လာခဲ့ပေမဲ့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေတယ်ဆိုတာ သူ့ကစားပုံ၊ သူ့မျက်နှာတို့မှာ မြင်တွေ့ရပါတယ်။
တကယ်တော့ ဘရူနိုဖာနန်ဒက်ဇ်ကို နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ဝယ်ဖို့စီစဉ်ခဲ့တာပါ။ လိပ်ခဲတည်းလည်းဖြစ်ခဲ့လို့ ဇန်နဝါရီရောက်မှ ဝယ်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ကလည်း မန်ယူအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်ယူကစားသမားဟောင်းရော်နယ်ဒိုကို တိုင်ပင်ခဲ့ပြီးမှ မန်ယူရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဖာနန်ဒက်ဇ်ကိုပြောင်းဖို့ အကြံပေးခဲ့သလို ဆိုးလ်ရှားကို ဝယ်ဖို့တိုက်တွန်းခဲ့တာပါ။ ဒါကြောင့် နောက်ဆုံးမှာ ဖာနန်ဒက်ဇ်ဟာ မန်ယူကို ပေါင် ၄၆ သန်းနဲ့ ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီနံပါတ်နဲ့ ကစားရခြင်းမှာ တာဝန်ယူမှုတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်သိတယ်လို့ ဖာနန်ဒက်ဇ်က နံပါတ် ၁၈ ရွေးချယ်ခဲ့ခြင်းအကြောင်းကို ရှင်းပြခဲ့ ...
ဖာနန်ဒက်ဇ်ဟာ ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ အတူတွဲပြီး ကစားခဲ့သူတွေ ဖြစ်ပါတယ်။ သူ့အသက်က အခုမှ ၂၅ နှစ်ပဲရှိ သေးပြီး ရော်နယ်ဒိုကိုအားကျတဲ့သူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူနဲ့အတူ စူပါဟီးရိုးဖြစ်လာတာကို သိထားပြီး၊ သူလည်း မန်ယူနဲ့အတူ တောက်ပချင်ခဲ့သူ ဖြစ်ပါတယ်။ ရော်နယ်ဒို မန်ယူနဲ့အတူခြေစွမ်းပြခဲ့သလိုမျိုး သူလည်း ခြေစွမ်းပြကစားချင်တာ ဖာနန်ဒက်ဇ်ရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကို မန်ချက်စတာယူနိုက်တက် သမိုင်းမှာ ရေးထိုးချင်တယ်လို့ ဖာနန်ဒက်ဇ်က မန်ယူတီဗီနဲ့တွေ့ဆုံခန်းမှာ ပြောဆိုသွားတာ တွေ့ရပါတယ်။ တကယ်လည်း သူဟာ ကြိုးကြိုးစားစားနဲ့ ကွင်းလယ်မှာ ဦးဆောင်ကစားနေခဲ့ပါတယ်။
သူ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားကလည်း ချီးကျူးလာသလို မန်ယူပရိသတ်တွေကလည်း ကြိုဆိုနေကြပြီ။မန်ယူကစားသမားဟောင်းတွေကလည်း လိုလိုလားလားဖြစ်နေတဲ့ တုံ့ပြန်ချက်တွေကို ဖာနန်ဒက်ဇ်ကြားနေရပါတယ်။ သူ့အတွက် ဝမ်းသာစရာ၊ မန်ချက်စတာယူနိုက်တက်အတွက် အားတက်စရာပဲ ဖြစ်ပါတယ်။
သူဝတ်တဲ့ နံပါတ်ကို သတိထားမိသလား
မန်ယူရောက်တော့ သူဟာ မန်ယူဂျာစီနံပါတ် ၁၈ ကိုရွေးချယ်လိုက်ပါတယ်။ အဲဒီနံပါတ်က ပေါလ်စခိုးလ်ရဲ့နံပါတ်ပဲဖြစ်ပါတယ်။ အဲဒီနံပါတ်ကို နောက်ဆုံးရယူ ဝတ်ခဲ့သူက အက်ရှ်လေယန်း ဖြစ်ပါတယ်။ အက်ရှ်လေယန်း အင်တာမီလန်ထွက်သွားတော့ ဘရူနိုဖာနန်ဒက်ဇ်ဟာ ပေါလ်စခိုးလ်ရဲ့နံပါတ် ၁၈ ကို ရွေးချယ်လိုက်ပါတယ်။သူကြီးပြင်းလာချိန်မှာ ပေါလ်စခိုးလ်ဟာ ဒီနံပါတ်နဲ့ကစားခဲ့တာမြင်ဖူးခဲ့တယ်။ ဒါကြောင့် ဒီနံပါတ်ကို ရွေးခဲ့တာပါ။ ဒီနံပါတ်နဲ့ ကစားရခြင်းမှာ တာဝန်ယူမှုတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိတယ်လို့ဖာနန်ဒက်ဇ်က နံပါတ် ၁၈ ရွေးချယ်ခဲ့ခြင်းအကြောင်းကို ရှင်းပြခဲ့ပါတယ်။ မန်ယူကွင်းလယ်ဟာ သူရောက်လာအပြီးမှာ Creation ပိုကောင်းလာတာလည်း သေချာပါတယ်။
မန်စီးတီးအသင်းက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံထားရလို့ အဆင့် (၅) နေရာရတဲ့အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်အတွက် မန်ယူဟာ အဆင့် (၅) နေရာရဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာ မန်ယူဟာ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် (၄) နေရာက ချယ်လ်ဆီးနဲ့ သုံးမှတ်ပဲ ကွာပါတော့တယ်။
မန်ယူပရိသတ်တွေဟာ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်နိုင်ဖို့ ယုံကြည်နေသလို ဖာနန်ဒက်ဇ်လည်း ယုံကြည်နေသူဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကစားဖို့လည်း သံန္နိဌာန်ချထားပါတယ်။ ဒါဟာ သူ့ရဲ့စိတ်ဓာတ်ကောင်းပဲဖြစ်ပါတယ်။ သူ့စိတ်ဓာတ်၊ သူ့အရည်အသွေးဟာ အရွေ့တစ်ခုလိုနေတဲ့ မန်ယူအတွက် အရေး ပါလာပါတယ်။သူဟာတိုက်စစ်အားသန်တဲ့ ကွင်းလယ်သမားဖြစ်သလိုဖြတ်တင်ဘောတွေ အပို့ကောင်းသူဖြစ်ပါတယ်။ အသင်းကို မောင်းနှင်နိုင်တဲ့ စွမ်းအားလည်းရှိသူ ဖြစ်ပါတယ်။ အဝေးကန်ချက်တွေ ကောင်းတဲ့သူဖြစ်ပါတယ်။ သူ့ကို ဇာဗီ၊အင်နီယေစတာ၊ ပီယာလို၊ ဇီဒန်းတို့လို ကွင်းလယ်ကစားသမားကောင်းလို့ စပို့တင်းလစ္စဘွန်းမှာကတည်းက သတ်မှတ်ခဲ့ကြပါတယ်။အီတလီဘောလုံးလောကမှာ ကျင်လည်ခဲ့ပြီး စီးရီးအေမှာ အူဒီးနိစ်၊ ဆမ်ဒိုးရီးယားတို့မှာ ကစားစဉ်က မထင်မရှားဖြစ်ခဲ့ပေမဲ့ ၂ဝ၁၇ မှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကို ရောက်လာပြီးတဲ့အခါမှာ ထင်ထင်ရှားရှား ဖြစ်လာခဲ့တာပါ။ ၂ဝ၁၇−၁၈၊ ၂ဝ၁၈−၁၉ ဘောလုံးရာသီတွေမှာ ဘရူနိုဖာနန်ဒက်ဇ်ဟာ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဆက်တိုက်ရခဲ့သူဖြစ်ပါတယ်။
ဖာဂူဆန်အလွန် မန်ယူရဲ့ အပြောင်းအရွှေ့ ခေါ်ယူမှုတွေဟာ အားမရစရာတွေကြုံခဲ့ရပေမဲ့ ဖာနန်ဒက်ဇ် အပြောင်းအရွှေ့မှာတော့ မန်ယူရဲ့ ယုံကြည်မှုဟာ ပြန်လည်အသက်ဝင်လာနေပါပြီ။ ဆိုးလ်ရှားရဲ့ youth policy အောက်မှာ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်သမား ဘရူနိုဖာနန်ဒက်ဇ်ဟာ မန်ယူအရွေ့ကို ပုံဖော်လို့နေပါရဲ့---။















