ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း ကျောင်းမတက်ရသည့်ကလေး သန်း ၃၀၀ နီးပါးရှိနေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း ကျောင်းမတက်ရသည့်ကလေး သန်း ၃၀၀ နီးပါးရှိနေ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကျောင်းများကို ပိတ်ထားရရာ ကျောင်းမတက်ရသည့် ကလေး သန်း ၃၀၀ နီးပါးရှိကြောင်း ကုလသမဂ္ဂက မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၃၂၀၀ ကျော်သွားပြီဖြစ်ပြီး ကူးစက်ခံထားရသူ ၉၅၀၀၀ ကျော်ရှိသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် နိုင်ငံများစွာသည် ယခင်က မချမှတ်ခဲ့သည့် တင်းကျပ်မှုများကို ကျင့်သုံးလာရသည်။ နိုင်ငံ ၁၃ နိုင်ငံသည် စာသင်ကျောင်းများကို ပိတ်ထားခဲ့မှုကြောင့် ကလေး ၂၉၀ ဒသမ ၅ သန်းသည် ကျောင်းမတက်ရဘဲ အိမ်တွင်သာ နေထိုင်နေရကြောင်း ယူနက်စကိုက မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စာသင်ကျောင်းများကို ယခင်ကလည်း ယာယီပိတ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပညာသင်ကြား၊ သင်ယူမှုပျက်ကွက်ခြင်းသည် ရှေးကလည်း မရှိခဲ့ဖူးသောကြောင့် အချိန်ကြာမြင့်ပါက ကလေးများ၏ ပညာသင်ယူခွင့်ကို ထိခိုက်လာနိုင်ကြောင်း ယူနက်စကိုအကြီးအကဲ အော်ဒရေ အဇိုလေက ပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၇ ဦးရှိနေသည့် အီတလီသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို မတ် ၁၅ ရက်အထိ ပိတ်ထားရန် မတ် ၄ ရက်တွင် ညွှန်ကြားထားပြီးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆၀၀၀ ဦးရှိနေသည့် တောင်ကိုရီးယားသည်လည်း လက်ရှိစာသင်နှစ်ကို မတ် ၂၃ ရက် နောက်ပိုင်းမှသာ စတင်ရန် ညွှန်ကြားထားပြီးဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက်လည်း စာသင်ကျောင်းများကို မတ်လတစ်လလုံး ပိတ်ထားရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်။ ပြင်သစ်၌ ယခုအပတ်အတွင်း စာသင်ကျောင်း ၁၂၀ ခန့်ကို ပိတ်ထားရန် ညွှန်ကြားထားသည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာမှုကြောင့် အစိုးရများသည် တားဆီးပိတ်ပင်ရေးနည်းလမ်းမျိုးစုံကို ကျင့်သုံးလာခဲ့သည်။ ဥရောပတွင် ကူးစက်သူအများဆုံးရှိနေသည့် အီတလီသည် မြို့ ၁၁ မြို့တွင် လူဝင်လူထွက်ပိတ်လုနီးပါး စည်းမျဉ်းတင်းကျပ်ခဲ့သည်။