အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရန်ပုံငွေ ၈ ဘီလီယံ သုံးမည် အီတလီတွင်လည်း ရန်ပုံငွေ ယူရို ငါးဘီယံထိ တိုးမြှင့်သုံးစွဲရန် ရှိ

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရန်ပုံငွေ ၈ ဘီလီယံ သုံးမည် အီတလီတွင်လည်း ရန်ပုံငွေ ယူရို ငါးဘီယံထိ တိုးမြှင့်သုံးစွဲရန် ရှိ

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၄ ရက်ထိ သေဆုံးသူ ၁၁ ဦး ရှိလာပြီးနောက် ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဒေါ်လာ ၈ ဘီလီယံထိ အသုံးပြုရန် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။

ဝါရှင်တန်ပြည်နယ်တွင် COVID-19 သေဆုံးသူ ၁၀ ဦး ရှိပြီဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင်လည်း COVID-19 ကြောင့် ပထမဆုံး သေဆုံးသူတစ်ဦး ရှိလာပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နျူးဆမ်က အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် ပြည်နယ်အစိုးရယန္တရားတစ်ရပ်လုံးသည် ဗိုင်းရပ်စ် ထိန်းချုပ်ရေး၊ တိုက်ဖျက်ရေး လုပ်ငန်းများ အားစိုက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

"အရေးပေါ် အခြေအနေ ကြေညာချက်ကြောင့် ပြည်နယ်အတွင်းမှာ COVID-19 ပိုပြီး ပြန့်ပွားမလာအောင်နဲ့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် မြှင့်တင်နိုင်အောင် အားစိုက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု နျူးဆမ်က ပြောသည်။

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိ စီရင်စုတွင် COVID-19 ကူးစက်သူ ခြောက်ဦး ထပ်မံအတည်ပြုထားနိုင်ပြီး၊ နယူးယောက်ပြည်နယ်တွင်လည်း အတည်ပြုထားနိုင်သူ ၁၁ ဦး ရှိလာပြီဖြစ်သည်။

ဥရောပတွင် COVID-19 ကူးစက်မှု အများဆုံးဖြစ်နေသည့် အီတလီတွင်လည်း ဗိုင်းရပ်စ်ကြောင့် စီးပွားထိခိုက်မှု ကာကွယ်ရေးအတွက် ယူရို ငါးဘီလီယံထိ သုံးစွဲသွားရန် လျာထားကြောင်း ဒုတိယ စီးပွားရေးဝန်ကြီး လော်ရာ ကတ်စ်တဲလီက မတ် ၅ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

ဗိုင်းရပ်စ်ကြောင့် အထိနာရသည့် စီးပွားလုပ်ငန်းများအတွက် အခွန်လျှော့ချပေးခြင်းအပါအဝင် အခြားအကူအညီများပေးရန် အစိုးရက ယူရို ၃ ဒသမ ၅ ဘီလီယံ သုံးစွဲမည်ဟု စီးပွားရေးဝန်ကြီး ရောဘတ်တို ဂွာတဲရီက ပြောကြားထားပြီး အစိုးရအတွင်းသတင်းရစ်မြစ်တစ်ခုကလည်း ယူရို ၄ ဒသမ ၅ မှ ၅ ဘီလီယံထိ သုံးစွဲနိုင်ခြေရှိကြောင်း ဆိုထားသည်။