မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကာကွယ်ရေး အသိပညာပေးကမ်ပိန်းပြုလုပ်

မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကာကွယ်ရေး အသိပညာပေးကမ်ပိန်းပြုလုပ်

မြန်မာ-–ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆိုင်းဘုတ်ထူခြင်း၊ စတစ်ကာများကပ်ခြင်း၊ မာ့စ်ခ်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မတ် ၅ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးကမ်ပိန်းကို လူစည်ကားရာနေရာများ၊ လမ်းမကြီးများ၊ အမှတ်(၁) ချစ်ကြည်ရေးတံတားနှင့် အမှတ်(၂) ချစ်ကြည်ရေးတံတားနေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မြဝတီမြို့က နယ်စပ်မြို့ဖြစ်တော့ နိုင်ငံခြားသားတွေ နေ့စဉ်အများအပြား ဝင်ထွက်နေကြ ပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ နိုင်ငံတော်တော်များများမှာ ကူးစက်ခံနေရပြီး လူသေဆုံးမှုတွေ များပြားလာတဲ့အတွက် ကျွန်တော်တို့နိုင်ငံက ပြည်သူတွေကို ရောဂါပိုးကူးစက်မှုအန္တရာယ်တွေ မဖြစ်စေရအောင် ရည်ရွယ်ပြီး အသိပညာပေး ဆိုင်းဘုတ်တွေ နေရာအနှံ့ထောင်တယ်။ ပြီးတော့ လူစည်ကားရာနေရာတွေမှာ ရောဂါပိုးကူးစက်ခံရမှု ကာကွယ်ဖို့လုပ်ဆောင်ရမယ့် အချက်တွေပါတဲ့ လက်ကမ်းစာစောင်တွေ ဝေပေးတယ်။ ပြီးတော့ နှာခေါင်းစည်း (Mask) တွေ ဝေပေးပါတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကူးစက်အန္တရာယ် ကာကွယ်ရေးဆောင်ရွက်မှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီခရိုင် ဆေးရုံကြီးမှ ဒေါက်တာကေခိုင်ထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်NLD ဥက္ကဋ္ဌ ဦးပြုံးချိုနှင့် NLD ပါတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"အဓိက ဆောင်ရွက်ရမှာက လက်ကို စင်ကြယ်စွာမကြာခဏဆေးကြောရမယ်။ နှာချေချောင်းဆိုးရင် လက်ကိုင်ပဝါ၊ တစ်ရှူးတွေကိုလည်း အသုံးပြုရမယ်။ အသုံးပြုပြီးသား တစ်ရှူးတွေကိုလည်း အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်ကြရမယ်။ နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူရခက်ပြီး ကိုယ်ပူချိန် မြင့်မားတဲ့လက္ခဏာတွေရှိရင် နီးစပ်ရာဆေးရုံကို သွားရောက်ပြီး ကုသမှုခံယူကြရမယ်။ ပွဲလမ်းသဘင်နဲ့ လူစည်ကားရာ နေရာတွေကို အတတ်နိုင်ဆုံးမသွားဖို့ ရှောင်ကြဉ်ရမယ်၊ အာခြောက်မခံဘဲ ရေဝ၀သောက်မယ်၊ အိပ်ရေးဝ၀အိပ်မယ်၊ အသားငါးတွေကို ကျက်အောင်ချက်စားမယ်။ အအေးနဲ့ ပတ်သက်တဲ့ အစားအစာတွေ ရှောင်ကြဉ်မယ်ဆိုရင် ဒီရောဂါပိုးကူးစက်ဖို့ စိုးရိမ်စရာမရှိပါဘူး"ဟု ဒေါက်တာကိုကိုအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး