ပါရီ - ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ကမ္ဘာ့အနောက်ဘက်သို့ တဖြည်းဖြည်းရွေ့သွားကာ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဖြစ်ပွားနေပြီး အစိုးရများက နှာခေါင်းစည်းများနှင့် ဆရာဝန်နှင့် သူနာပြုများအတွက် အခြားထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အရေးပေါ်အစီအစဉ်များ ပြုလုပ်နေကြသည်။
အီတလီတွင် သေဆုံးမှုမှာ ၇၉ ဦးထိ မြင့်တက်လာရာ တရုတ်နိုင်ငံ ပြင်ပတွင် ရောဂါဖြစ်ပွားမှုအနက် လူအသေအပျောက် အများဆုံးဖြစ်သည်ဟု သိရသည်။ အီရန်ပါလီမန်ရှိ အဖွဲ့ဝင် ၂၃ ဦးနှင့် အီရန်နိုင်ငံ အရေးပေါ်လုပ်ငန်း၏ အကြီးအကဲဖြစ်သူတို့မှာ ရောဂါကူးစက်ခံထားရသည်ဟု ဖော်ပြထားသည်။
တောင်ကိုရီးယားတွင် ရောဂါစမ်းသပ်စစ်ဆေးမှုကို တိုးချဲ့ထားကာ ရောဂါဖြစ်ပွားမှုအသစ် ရာပေါင်းများစွာရှိသည်ဟု အတည်ပြုထားသည်။ စပိန်နိုင်ငံ ဘက်စ်ကီဒေသတွင် ဆရာဝန်နှင့် သူနာပြု အနည်းဆုံးငါးဦး ရောဂါကူးစက်ခံထားရကာ ကျန်းမာရေးဝန်ထမ်း ၁ဝဝ နီးပါးကို သီးသန့်ခွဲထားသည်။
တရုတ်နိုင်ငံတွင်မူ ပြန်လည်ကျန်းမာလာသည့် လူနာထောင်ပေါင်းများစွာတို့မှာ နေအိမ်သို့ပြန်ကြကာ ရောဂါကူးစက်ခံရသည့် လူအရေအတွက်မှာလည်း ကျဆင်းလာသည်။
ကမ္ဘာတစ်ဝန်းတွင် လူ ၉၃,ဝဝဝ ကျော်ရောဂါကူးစက်ခံရကာ လူ ၃,၁ဝဝ ကျော် သေဆုံးခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံတွင်ဖြစ်သည်။ ရောဂါကူးစက်ခံရသည့် နိုင်ငံအရေအတွက်မှာ ၇ဝ ကျော်ပြီး ယူကရိန်းနှင့် မော်ရိုကို နိုင်ငံတို့တွင် ပထမဆုံးအကြိမ် ရောဂါဖြစ်ပွားမှုရှိကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်ခံရသည့်အရေအတွက်မှာ ၁ဝဝ ထိရောက်လာပြီး စုစုပေါင်းသေဆုံးသူမှာ ကိုးဦးဖြစ်သည်။ သေဆုံးသူအားလုံးမှာ ဝါရှင်တန်ပြည်နယ်တွင်ဖြစ်ကာ အများစုမှာ ဆီယက်တဲလ် ဧရိယာရှိ ဘိုးဘွားရိပ်သာတွင်နေထိုင်သူများ ဖြစ်သည်။
ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် ကျန်းမာရေးတာဝန်ရှိသူတို့ကို ကူညီပေးရန် စစ်တပ်ကို အီရန်နိုင်ငံခေါင်းဆောင်က အမိန့်ပေးထားကာ အီရန်တွင် လူ ၇၇ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။
တောင်ကိုရီးယားက ရောဂါဖြစ်ပွားမှု နောက်ထပ် ၁၄၂ ဦးရှိကြောင်း မတ် ၄ ရက်နံနက်ပိုင်းက အတည်ပြုခဲ့ရာ စုစုပေါင်း ၅,၃၂၈ ဦးထိ တက်လာသဖြင့် ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

















