ဆိုးလ် (တောင်ကိုရီးယား) - ကျည်အစစ်များဖြင့် လေ့ကျင့်သော လက်နက်ကြီး ဒုံးကျည်များပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်ကာ ၄င်းစစ်တပ်၏ စစ်ရေးအဆင်သင့်ရှိမှုကို ခိုင်မာစေပြီး စစ်ရေးလေ့ကျင့်မှုတော်လှန်ရေး မီးတောက်ကြီးကို ထပ်မံထွန်းညှိလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာနက မတ် ၃ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အရှေ့ဘက်ပိုင်းပင်လယ်ပြင်ထဲသို့ ကျရောက်သွားသည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဖူးနှစ်ခုဟု ယူဆရသည့်အရာကို တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါသတင်းကို ကိုရီးယားဗဟိုသတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပြုံယမ်းရှိ တရားဝင် ရိုဒေါင်းစင်မန်းသတင်းစာက ဒုံးကျည်ပစ်လွှတ်သည့် နေရာများက ဒုံးကျည်များတက်လာကာ ပစ်မှတ်ထားသည့် ကျွန်းသည်မီးခိုများဖြင့် ဖုံးလွှမ်းသွားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သည်။
ကင်သည် အနက်ရောင်သားမွေးဦးထုပ်နှင့် သားရေကုတ်အင်္ကျီ ဝတ်ဆင်ထားသော်လည်း နှာခေါင်းစည်းဝတ်ဆင်ထားခြင်းမရှိပေ။ သို့သော် အခြားစစ်ဘက်ဆိုင်ရာ အရာရှိများမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အနက်ရောင် နှာခေါင်းစည်းများ ဝတ်ဆင်ထားသည်။
စစ်တပ်အတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုအခွင့်အလမ်းကို လျှော့ချရန် စစ်သားအများအပြား စုရုံးရသည့် အခြားလှုပ်ရှားဆောင်ရွက်မှုများနှင့် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက လျှော့ချမည်ဟု ဝေဖန်ဆန်းစစ်သူများက ခန့်မှန်းထားသည်။ မြောက်ကိုရီးယားက ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူ ရှိ မရှိကို ဖော်ပြခြင်းမရှိသော်လည်း ရောဂါလက္ခဏာ ပြသသည့် လူအချို့ကို ရောဂါခြေချုပ်ချထားသည်ဟု နိုင်ငံပိုင်သတင်းဌာနက အရိပ်အမြွက်ဖော်ပြထားသည်။
ကင်ဂျုံအန်းနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြီးခဲ့သည့်နှစ်က မအောင်မမြင်ဖြစ်ခဲ့သည့်အချိန်မှစ၍ မြောက်ကိုရီးယားက ယင်း၏ စစ်ရေးစွမ်းဆောင်ရည်ကို တိုးချဲ့ရန် ဒုံးကျည်နှင့် လက်နက်ပစ်လွှတ်သည့် လေ့ကျင့်မှုများကို ပြန်လည်စတင်ခဲ့သည်။

















