မန်ယူသည် မတ် ၅ ရက်က အက်ဖ်အေဖလား ပဉ္စမ အဆင့်ပွဲအဖြစ် ဒါဘီကွင်းသို့ သွားရောက်ကစားခဲ့ရာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလို၏ ခြေစွမ်းပြမှုနှင့်အတူ သုံးဂိုးပြတ်အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မန်ယူဂန္ထဝင်ကစားသမား ဟောင်း ရွန်နီမှာ ဒါဘီအသင်းကိုယ်စားပြု၍ ၄င်း၏အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရသည်။ မန်ယူပွဲ ထွက်လူစာရင်းတွင် အီဂါလို၊ တွန်မီနေး၊ ဖာနန်ဒက်စ်၊ လင်ဂတ်၊ မာတာနှင့် ဖရက်ဒ် အစရှိသောကစားသမားများ ပါဝင်ခဲ့သည်။ မန်ယူအတွက်ဦးဆောင်ဂိုးကို နောက်ခံလူ လုခ်ရှောက ၃၃ မိနစ်၌သွင်းယူပေးခဲ့သည်။ မန်ယူသို့ အငှားဖြင့်ရောက်ရှိခဲ့ပြီးနောက် ကစားရသည့်ပွဲတိုင်းတွင် အားကြိုးမာန်တက်ကစားနေသော နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုမှာ ပွဲချိန် ၄၁၊ မိနစ် ၇ဝ ၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ယူမှာ ဂိုးပြတ်အနိုင်ရခဲ့သည်။
မန်ယူသည် ကွာတားဖိုင်နယ်တွင် နောဝစ်ချ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး အခြားပွဲစဉ်အတွဲများအရ ရှက်ဖီးလ်ယူနိုက်တက်-အာဆင်နယ်၊ နယူးကာဆယ်-မန် စီးတီးနှင့် လက်စတာ-ချယ်လ်ဆီးတို့ တွေ့ဆုံနေကာ မတ် ၂၁ ရက်၌ ပွဲများယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မန်ယူအတွက်ခြေစွမ်းပြခဲ့သော တိုက်စစ်မှူးအီဂါလိုက ၎င်းအနေဖြင့် ဝေဖန်မှုများကို ဂရုမစိုက်ဟု ပြောကြားခဲ့ သည်။ မန်ယူသည် ဇန်နဝါရီဈေးကွက်၌ တရုတ်စူပါလိဂ်မှ အီဂါလိုကို အငှားဖြင့်ခေါ်ယူခဲ့ရာ ပရိသတ်အချို့က ဝေဖန် ခဲ့ကြသည်။ သို့သော် အီဂါလိုသည် မန်ယူအတွက် နှစ်ပွဲ ပွဲထွက်ခွင့်ရခဲ့ရာ သုံးဂိုးသွင်းယူကာခြေစွမ်းပြနေပြီး သံသယ များကို ချေဖျက်နေသည်။
အီဂါလိုက ''ဂိုးတွေသွင်းနိုင်ခဲ့လို့ ကျွန်တော်ပျော်ပါတယ်။ နည်းပြ၊ ကစားဖော်တွေနဲ့ ပရိသတ်တွေက ကျွန်တော့်ကို ယုံကြည်နေသရွေ့ ရှေ့ဆက်နေဦးမှာပါ။ ဒီကိုရောက်လာ ကတည်းက ပရိသတ်တွေရဲ့အားပေးမှုက အံ့အားသင့်စရာ ကောင်းပါတယ်။ အပြင်မှာ ဘယ်သူတွေဘာပြောပြော ကျွန်တော်ဂရုစိုက်ဘူး''ဟု ပြောကြားခဲ့သည်။















