တရုတ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့၌ မတ်လကုန်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် လုံးဝရှိတော့မည်မဟုတ်ဟု မျှော်လင့်ရကြောင်း တရုတ်ရှိ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးပညာရှင်အဖွဲ့ဝင် ကျန်းဘိုလီက မတ် ၅ ရက်တွင် ပြောဆိုခဲ့သည်။
ဝူဟန်က မြို့တော်အဖြစ်တည်ရှိသည့် ဟူပေးပြည်နယ် အပြင်ဘက်ရှိဒေသများ၌ မတ်လကုန်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်သူသစ် လုံးဝရှိတော့မည်မဟုတ်ကြောင်း ကျန်းဘိုလီက နိုင်ငံပိုင် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောဆိုခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ စာရင်းအင်းများအရ ဟူပေးပြည်နယ်ရှိ အခြားမြို့များ၌ မတ်လလယ်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်သူသစ် လုံးဝရှိတော့မည်မဟုတ်ကြောင်း ကျန်းကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၌ မတ် ၆ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၄၃ ဦးရှိခဲ့ပြီး ယင်းသည် မတ် ၅ ရက် တွင်ရှိခဲ့သည့် ကူးစက်ခံရသူသစ် ၁၃၉ ဦးမှ တက်လာခဲ့ခြင်းဖြစ်သည်။ မတ် ၆ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၃၀ ရှိခဲ့ပြီး နှစ်ရက် ဆက်တိုက်သေဆုံးသူဦးရေ တက်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၄၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။
တရုတ်တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၀၅၀ဝ ရှိသွားပြီဖြစ်သည်။ သေဆုံးသူနှင့် ကူးစက်ခံရသူအများစုသည် တရုတ်နိုင်ငံ၌ရှိနေသော်လည်း တောင်ကိုရီးယား၊ အီရန်နှင့် အီတလီတို့တွင်လည်း ကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တိုးလာပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ပြည်ပနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သောကြောင့် ပြည်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် ခရီးသွားများ တရုတ်နိုင်ငံသို့ဝင်ရောက်ပြီး အခြားလူများကို ဆက်လက်ကူးစက်စေမည်ကို စိုးရိမ်မှုများရှိနေသည်။ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံတို့ရှိ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ အများဆုံးရှိနေသည့် နိုင်ငံများမှ ခရီးသွားများကို ၁၄ ရက် သီးခြားထား စောင့်ကြည့်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၆ ဦး တရုတ်နိုင်ငံသို့လာရောက်ခဲ့ပြီးဖြစ်ကြောင်း ကော်မရှင်က မတ် ၆ ရက်တွင် ပြောဆိုခဲ့သည်။

















