COVID-19 ကြောင့် ဂျပန်တွင် ဆူနာမီ ကိုးနှစ်ပြည့်အခမ်းအနား ပယ်ဖျက်

COVID-19 ကြောင့် ဂျပန်တွင် ဆူနာမီ ကိုးနှစ်ပြည့်အခမ်းအနား ပယ်ဖျက်

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစိုးရိမ်ရသည့်အတွက် ၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီကြောင့်  သေဆုံးသူများအား ကိုးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ပယ်ဖျက်လိုက်ကြောင်း ဂျပန်အစိုးရက မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

၂၀၁၁ ခုနှစ် မတ် ၁၁ ရက် ငလျင်နှင့် ဆူနာမီဘေး အောက်မေ့ဖွယ်အခမ်းအနားကို ပြီးခဲ့သည့် ရှစ်နှစ်တိုင်တိုင် မတ် ၁၁ ရက်ရောက်တိုင်း အစိုးရက ကြီးမှူးကျင်းပခဲ့သည်။ COVID-19 ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းလည်း ဂျပန်နှင့် တရုတ်အစိုးရတို့က အတည်ပြုကြေညာခဲ့ကြသည်။ တရုတ်နှင့် တောင်ကိုရီးယားမှ ရောက်လာသည့် ခရီးသည်တိုင်းကို သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားပြီး စောင့်ကြည့်မည်ဟု ဂျပန်အစိုးရက ကြေညာထားသည်။

"အောက်မေ့ဖွယ်အခမ်းအနားကို တတ်နိုင်သမျှ မဖျက်ဘဲ ကျင်းပဖို့ ကြိုးစားခဲ့ပါတယ်။ အကျဉ်းချုံး ကျင်းပတာမျိုးပါ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ် မပြန့် ပွားအောင် တတ်အားသမျှ ထိန်းသိမ်းဆောင်ရွက်ကြရမယ့်အချိန်ဖြစ်တာကြောင့် လူစုလူဝေးလုပ်တာမျိုးကို ရှောင်ရှားဖို့အတွက် အောက်မေ့ဖွယ်အခမ်းအနားမလုပ်ဖို့ အစိုးရအဖွဲ့က စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"ဟု ဂျပန်အစိုးရ၏ ပြောခွင့်ရှိသူ ယိုရှီဟီဒဲဆူဂါက ပြောသည်။

၂၀၁၁ မတ် ၁၁ ရက်က ဂျပန် ကမ်းလွန်တွင် ပြင်းအား ရစ်ချ်တာစကေး ၉ အဆင့်ရှိငလျင်ကြီး လှုပ်ခတ်ကာ ဆူနာမီလှိုင်းများရိုက်ခတ်မှုကြောင့် လူပေါင်း ၁၈၅၀ဝ ကျော် သေဆုံးခဲ့ရသည်။ ဆူနာမီကြောင့် ဖူကူရှီးမား ဒိုင်အိချီ နျူကလီးယား ဓာတ်အားပေး စက်ရုံလည်း ထိခိုက်ပျက်စီးခဲ့ကာ ၁၉၈၆ ခုနှစ် ချာနိုဘယ် နျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမှုနောက်ပိုင်း အဆိုးဆုံး နျူကလီးယားဘေးဖြစ်ခဲ့သည်။

မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တိတိတွင် အစိုးရအဖွဲ့သည် ငြိမ်သက် တစ်မိနစ်ဖြင့် သေဆုံးသူများကို အောက်မေ့ဂုဏ်ပြုမည်ဖြစ်သည်။