သန့်စင်ခန်းဝင်ပြီးသည့်အခါ အမျိုးသားများက အမျိုးသမီးများလောက် လက်မဆေးကြကြောင်း ပြီးခဲ့သည့် လေ့လာမှုစစ်တမ်းများစွာကို စုပေါင်းလေ့လာထားမှုတစ်ခုက ဖော်ပြလိုက်သည်။ ယခုလို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေချိန်တွင် လက်ဆေးကျင့်နည်းသည့် အမျိုးသားများ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေပိုများကြောင်းလည်း စစ်တမ်းက သတိပေးလိုက်သည်။
နိုင်ငံပေါင်း ၈၀ ကျော်သို့ပျံ့နှံ့နေသော COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်အထိရောက်ဆုံးနည်းမှာ လက်ကိုမကြာမကြာဆေးကြောရန်ဖြစ်ကြောင်း နိုင်ငံတကာကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားသည်။ အများသုံးသန့်စင်ခန်းဝင်ပြီးတိုင်း အမျိုးသား ၃၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၆၅ ရာခိုင် နှုန်းကသာလက်ဆေးကြကြောင်း ၂၀ဝ၉ ခုနှစ်စစ်တမ်းတစ်ရပ်က ဖော်ပြထားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့၏စစ်တမ်းက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု မီရှီဂန် ပြည်နယ်တက္ကသိုလ်က ၂၀၁၃ ခုနှစ်၌ ပြုလုပ်ထားသော စစ်တမ်းတစ်ရပ်ကလည်း အမျိုးသမီးများသည် သန့်စင်ခန်းဝင်ပြီးသည့်အခါ အမျိုးသားများထက် လက်ပိုဆေးကြသလို ဆပ်ပြာနှင့်လည်း ပိုကြာကြာတိုက်ကာ ပိုပြီးစနစ်တကျ ဆေးကြောကြကြောင်း ဖော်ပြထားသည်။ သန့်စင်ခန်းဝင်ပြီး လက်လုံးဝမဆေးသည့် အမျိုးသား ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဆပ်ပြာမတိုက်ဘဲ ရေနဲ့ဆေးရုံသာဆေးသည့်အမျိုးသားကလည်း ၃၅ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းကဖော်ပြသည်။ နှိုင်းယှဉ်ရလျှင် အမျိုးသမီးများထဲတွင် ထိုသို့ပြုမူသူက ၇ ဒသမ ၁ ရာခိုင်နှုန်း နှင့် ၁၅ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း စစ်တမ်းက ဆိုသည်။
တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်ရှေ့ပိုင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် လူ ၁၀ဝ၀ ကိုစောင့်ကြည့်ထားချက်အရ အမျိုးသားက ၅၈ ရာခိုင်နှုန်းပါဝင်ကြောင်း New England Journal of Medicine တွင်ဖော်ပြထားသော စစ်တမ်းတစ်ရပ်က ဆိုသည်။

















