တရုတ်နိုင်ငံ၌ မတ် ၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၂၈ ဦးရှိခဲ့သောကြောင့် ယခုအချိန်အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၀၇၀ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက် ဟူပေးပြည်နယ်၌ သေဆုံးသူ ၂၈ ဦးရှိခဲ့သည်။ ပြည်နယ်မြို့တော် ဝူဟန်၌ သေဆုံးသူ ၂၁ ဦးရှိခဲ့သည်။ တရုတ်ပြည်မကြီး၌ မတ် ၆ ရက် အကုန်ပိုင်းအထိ ကိုရိုနာဗိ်ုင်းရပ်စ်ကူးစက်ခံရသူသစ် ၉၉ ဦးရှိခဲ့ပြီး မတ် ၅ ရက်တွင်ရှိခဲ့သည့် ၁၄၃ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၀ ရက်မှစ၍ ကူးစက်ခံရသူသစ်အနည်းဆုံးဖြစ်ခဲ့သည်။
တရုတ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ်လေးပုံတစ်ပုံနှင့် ဝူဟန်မြို့အပြင်ဘက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်အားလုံးနီးပါးသည် ပြည်ပတွင် မြစ်ဖျားခံကြောင်း အစိုးရ၏စာရင်းအင်းများအရ သိရသည်။ ဟူပေးပြည်နယ်အပြင်ဘက်၌ မတ် ၆ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၂၅ ဦးရှိခဲ့ပြီး ၂၄ ဦးသည် တရုတ်နိုင်ငံပြင်ပတွင် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။
အများစုသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်ဆုပြည်နယ်မှဖြစ်သည်။ မတ် ၂ မှ မတ် ၅ ရက်အတွင်း အီရန်မှ ခရီးသည်တင်လေယာဉ်ဖြင့် ပြည်နယ်မြို့တော် လန်ကျိုးမြို့သို့ရောက်ရှိလာသည့် သီးခြားထားရှိကာ စောင့်ကြည့်ခံနေရသော ခရီးသွားများဖြစ်ကြသည်။
တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ မတ် ၆ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် လေးဦးရှိခဲ့ပြီး ယင်းအနက် သုံးဦးသည် အီတလီမှလာရောက်သူများဖြစ်ကြောင်း ပေကျင်းကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရှန်ဟိုင်း၌လည်း ပြည်ပတွင် မြစ်ဖျားခံသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်သုံးဦးရှိခဲ့ပြီး ကွမ်တုံပြည်နယ်၌လည်း မတ် ၆ ရက်တွင် တစ်ဦးရှိခဲ့ကြောင်း နိုင်ငံလုံးဆိ်ုင်ရာ ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။

















