ဗိုင်းရပ်စ်အရေးကန့်သတ်ခြင်းအငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံသားများ ဗီဇာမဲ့ဝင်ရောက်ခွင့် တောင်ကိုရီးယား ပယ်ဖျက်မည်

ဗိုင်းရပ်စ်အရေးကန့်သတ်ခြင်းအငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံသားများ ဗီဇာမဲ့ဝင်ရောက်ခွင့် တောင်ကိုရီးယား ပယ်ဖျက်မည်

ဂျပန်နိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယားနိုင်ငံသားများကို ၁၄ ရက်ကြာသီးခြားထားရှိပြီး COVID-19 ဗိုင်းရပ်စ်ပါလာခြင်းရှိမရှိအတည်ပြုနိုင်မှ နိုင်ငံထဲဝင်ခွင့်ပေးမည်ဟု ဂျပန်ကကြေညာခဲ့မှုကြောင့် တောင်ကိုရီးယားကလည်း ဂျပန်နိုင်ငံသားများကိုတောင်ကိုရီးယားနိုင်ငံအတွင်း ဗီဇာမဲ့ ဝင်ခွင့်ပေးထားမှုကို ပယ်ဖျက်မည်ဖြစ်ကြောင်း မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
 

နှစ်နိုင်ငံလုံးသည် ယခင်ကတည်းကတင်းမာမှုများကြောင့် စီးပွားဆက်ဆံမှုများလျှော့ချထားကြပြီး အမေရိကန်၏ အဓိကမဟာမိတ်နိုင်ငံများလည်း ဖြစ်သည်။ တောင်ကိုရီးယားနှင့် တရုတ်မှ ရောက်လာသူများကို ၁၄ ရက် စောင့်ကြည့်မည်ဟုဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမတ် ၅ ရက်တွင် ကြေညာခဲ့သည်။ တောင်ကိုရီးယားတွင် အကြီးဆုံးလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် Korea Air နှင့် Asiana တို့ကလည်းမတ် ၆ ရက်မှစတင်ကာ ဂျပန်ခရီးစဉ် အများအပြားကိုဖျက်သိမ်းခဲ့ကြသည်။ ဂျပန်တွင် ဖျော်ဖြေမည့် ကေပေါ့အဖွဲ့ Super Junior ကလည်း ပွဲကိုအကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ဂျပန်နိုင်ငံသားများအား ဗီဇာမဲ့ဝင်ခွင့်ပေးထားခြင်းကိုပယ်ဖျက်မည်ဖြစ်သလို၊ ထုတ်ပေးထားပြီးသားခရီးသွားလာခွင့် ပါမစ်များကိုပါ ပယ်ဖျက်ကြောင်း တောင်ကိုရီးယားအစိုးရကမတ် ၆ ရက်တွင် ကြေညာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားသို့ လာရောက်သည့် ဂျပန်နိုင်ငံသားတိုင်းကိုကျန်းမာရေးစစ်ဆေးမည်ဖြစ်သလို၊ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်းကျန်းမာရေးထောက်ခံစာလည်းတင်ပြရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

တရုတ်ပြီးလျှင် တောင်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေသည်။ လက်ရှိအချိန်အထိကူးစက်ခံထားရသူ ၆၅၀ဝ ကျော်ရှိနေပြီး နိုင်ငံပေါင်း ၆၀ ကျော်ကတောင်ကိုရီးယားနှင့် ခရီးသွားလာမှု အဆက်အသွယ်များ ဖြတ်တောက်ထားသလို၊ တောင်ကိုရီးယားမှ ရောက်လာသူများကိုလည်း ၁၄ ရက် စောင့်ကြည့်စနစ်များ ကျင့်သုံးလျက်ရှိသည်။