COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပြီး လူပေါင်းတစ်သိန်းကျော်သို့ ကူးစက်လျက်ရှိကြောင်း သိရသည်။
ဗိုင်းရပ်စ်ကြောင့် လူ ၃၄၀ဝ သေဆုံးခဲ့ပြီး၊ အမေရိကန် ပြည်နယ်များနှင့် ဗာတီကန်ထိပါ ကူးစက်လျက်ရှိသည်။ အိမ်ဖြူတော်တွင်လည်းသမ္မတဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဘတ်ဂျက် ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံချထားပေးရန် လက်မှတ်ထိုးအတည်ပြုလိုက်ပြီဖြစ်သည်။
အီတလီသည်လည်းဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် ဗိုင်းရပ်စ်ကြောင့် စီးပွားထိခိုက်မှု ကာကွယ်ရေးအတွက် အရေးပေါ် ဘတ်ဂျက် ယူရို ၇ ဒသမ ၅ ဘီလီယံထိအသုံးပြုရန် ဆုံးဖြတ်ထားသည်။
COVID-19 ကာကွယ်ဆေးစမ်းသပ်မှုပေါင်း ၂၀ ခန့်ကိုအကဲဖြတ်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆင်းရဲသူများနစ်နာမှု မရှိစေရေး ကမ္ဘာ့စီးပွားအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဝိုင်းကူဆောင်ရွက်ကြရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲတဲဒရိုအဓာနွမ် ဂဲဘရဲရီဆက်စ်ကပြောသည်။
အီရန်တွင် မတ် ၆ ရက်အထိကူးစက်ခံရသူ ၄၇၀ဝ ကျော်နှင့် သေဆုံးသူ ၁၂၄ ဦးရှိခဲ့သည်။ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် တီဟီရန်မြို့လယ် ၁၁ မိုင်ရှည်သည့် အဓိကလမ်းမကြီးတစ်လျှောက် ပိုးသတ်ဆေးများဖျန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် အာဖရိကသို့ ကူးစက်ပျံ့နှံ့ပါကလက်ရှိမှာပင် စားနပ်ရိက္ခာအကျပ်အတည်း ကြုံနေရသောဒေသများအတွက် ပိုအကျပ်ဆိုက်လာမည်ဖြစ်ပြီးအာဖရိကတစ်ခွင်နှင့် အရှေ့အလယ်ပိုင်းဒေသထိပါ လူမှုစီးပွားအကျပ်ဆိုက်မှု ဂယက်ရိုက်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကလည်း သတိပေးသည်။
အိန္ဒိယသည်လည်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုံးပန်းလျက်ရှိပြီးဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာပါကလူဦးရေသန်း ၁၃၀ဝ အတွက် အိန္ဒိယကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ဝန်နှင့်အားမမျှဖြစ်လာမည်ကို ကုလသမဂ္ဂကလည်း စိုးရိမ်လျက်ရှိသည်။

















