သေဆုံးလူနာနှစ်ဦးနှင့်စောင့်ကြည့်လူနာတစ်ဦးအပြင် မြန်မာကျောင်းသူ ၁၀ဦးတို့၏ ဓာတ်ခွဲအဖြေများအရ COVID-19 ရောဂါပိုး မရှိ

သေဆုံးလူနာနှစ်ဦးနှင့်စောင့်ကြည့်လူနာတစ်ဦးအပြင် မြန်မာကျောင်းသူ ၁၀ဦးတို့၏ ဓာတ်ခွဲအဖြေများအရ COVID-19 ရောဂါပိုး မရှိ

သံသယသေဆုံးလူနာနှစ်ဦးနှင့်စောင့်ကြည့်လူနာတစ်ဦးအပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့် သတ်ထားသည့် မြန်မာကျောင်းသူ ၁၀ဦးတို့၏ ဓာတ်ခွဲအဖြေများအရ COVID-19 ရောဂါပိုး မရှိကြောင်း ယနေ့မတ်၇ရက် ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် ကလေး (ကျား) (၁) ဦး၊ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၃၄) နှစ် အရွယ် အမျိုးသားတစ်ဦး(သံသယဖြင့်စောင့်ကြည့်စဉ် သေဆုံး)နှင့်လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး (သံသယဖြင့်စောင့်ကြည့် စဉ်သေဆုံး)၊ စုစုပေါင်း (၃) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"သတင်းကောင်းဖြစ်ပါတယ်။လားရှိုးဆေးရုံက သံသယသေဆုံးလူနာ အသက် ၄၀ နှစ်၊ရန်ကုန်ဆေးရုံကြီးက စောင့်ကြည့်လူနာ အသက် ၃၄ နှစ် (သေဆုံးလူနာ)၊အင်းစိန်ဆေးရုံမှ စောင့်ကြည့်လူနာ အသက် ၁၄ နှစ်အားလုံးအဖြေ COVID-19 NEGATIVE (-) ပါ"ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါဌာန တိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယင်းအပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား ကျောင်းသူ (၁၀) ဦးထံမှ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ ၎င်းတို့ (၁၀) ဦးလုံးတွင် COVID-19 ရောဂါပိုးမရှိဟု တွေ့ရှိရကြောင်း မတ်လ ၇ရက် ညနေပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ်လ ၄ရက်နေ့မှစတင်၍ စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုများပေးလျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မှ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး မတ်လ ၆ရက် နံနက် ၇နာရီ၄၀မိနစ်သေဆုံးခဲ့သည့် ယင်းအမျိုးသမီးမှာလည်း covid -19မဟုတ်ကြောင်း ဓါတ်ခွဲအဖြေများကို မတ်လ ၆ရက်က ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး