မုံရွာမြို့ ခုတင်၂ဝဝ ဆံ့ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီး မွေးကင်းစဆောင်အတွက် Oxygen Generator ကို မည်သူမဆို ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း ဆေးရုံအုပ်ကြီး နှင့်အဖွဲ့က နှိုးဆော်ထားသည်။
''ကလေးဆောင်၊ မွေးကင်းစဆောင် မှာ အရေးပေါ်အထူးကြပ်မတ်ကုသ ခန်းနဲ့ ပေါင်မပြည့်၊ လမစေ့ကလေး ခန်းမှာ အောက်ဆီဂျင်လိုအပ်ချက်က များလှပါတယ်။ ဆေးရုံမှာ Oxygen plant က ပေးတဲ့ အောက်ဆီဂျင်နဲ့ မလုံလောက်တဲ့အတွက် အောက်ဆီ ဂျင်ကို အိုးကြီး၊ အိုးငယ်တွေနဲ့ ဝယ်ကြရတယ်။ သွေးထဲမှာ အသက်အန္တရာယ် ဖြစ်လောက်တဲ့အထိ အောက်ဆီဂျင် ကျတာကို ကူပေးတဲ့ C Pap ပေးရတဲ့ အရေးပေါ်လူနာတွေအတွက် Oxygen Generator ဝယ်ယူနိုင်ဖို့ကြိုးစားနေကြပါတယ်။ လျှပ်စစ်နဲ့၂၄ နာရီ ၉၃ ရာခိုင်နှုန်း သန့်စင်တဲ့ အောက်ဆီဂျင်ကို အန္တရာယ်ကင်းကင်း အခမဲ့ပေးနိုင်တဲ့ Oxygen Generator ဝယ်ယူနိုင်ဖို့ ကြိုးစားနေကြတာ ပါ'' ဟု မုံရွာမြို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သိန်း (ငြိမ်း) က ပြောသည်။
Oxygen Generator စက် တန်ဖိုးသည် ဒေါ်လာ ၄၅,ဝဝဝ ဖြစ် သဖြင့် အလှူခံရသည့်ငွေကို ဘဏ် တွင် Account ဖွင့်ထားပြီး အတိုး ဖြင့် မတတ်နိုင်သော C Pap ပေးရ သည့် ကလေးလူနာများကို အောက် ဆီဂျင်ဖိုး ပေးလှူပေးသွားပြီး စက် ဝယ်ရန် ငွေပြည့်စုံပါက ဝယ်ယူတပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
''အခုလက်ရှိသုံးနေရတဲ့ ဝယ်ရတဲ့ အောက်ဆီဂျင်က စျေးများပြီး ကုရတဲ့ အတွက် လူနာအနေနဲ့ မဝယ်နိုင်တဲ့ ဒုက္ခ၊ အိုးကြီးနဲ့ပေးမှ တွက်ခြေကိုက် တော့ အိုးကြီးတွေမရ၊ အောက်ဆီဂျင် ခေါင်းလှည့်ရတဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ ဒုက္ခ၊ ပေါက်ကွဲနိုင်တော့ အန္တရာယ် ဖြစ်နိုင်တဲ့ဒုက္ခ၊ လူနာကုသခန်းမှာ နေရာ ယူတဲ့အတွက် ကုသရအဆင်မပြေတဲ့ ဒုက္ခ၊ ပိုးမွှားတွေ ပိုကူးစက်နိုင်တဲ့ အန္တရာယ်နဲ့ အောက်ဆီဂျင်ခေါင်းတွေ ပျက်တဲ့အတွက် အသစ်ပြန်လဲရတဲ့ဒုက္ခ တွေရှိတဲ့ အတွက် Oxygen Generator ဝယ်ဖို့ စီစဉ်တာပါ'' ဟု ဒေါက်တာ မြင့်မြင့်သိန်းက ပြောသည်။
လက်ရှိတွင် Oxygen Generator ဝယ်ယူနိုင်ရန် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်သိန်းက ကျပ်သိန်း ၁ဝဝ၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးစိုးဝင်းက ကျပ် ၁ဝ သိန်း၊ မုံရွာဟိုတယ်ပိုင်ရှင် ဦးဌေးရွှေ–ဒေါ်ကေသွယ်မြင့်၊ သမီး မနှင်းရွှေရည်ဦးတို့က ပထမအရစ် ကျပ် ၁ဝ သိန်း၊ ပတ္တမြား ဆံပင်ရောင်း ဝယ်ရေး ဦးကျော်ညွန့်–ဒေါ်နန်းဇင်မာဝင်း တို့က ကျပ်သိန်း ၅ဝ၊ လကမ္ဘာ ရောင်း ဝယ်ရေး ကိုနိုင်ဝင်းလှိုင်–မနွဲ့နွဲ့ဝင်းတို့က ကျပ်သိန်း ၁ဝဝ၊ -ဦးအေးကိုကို– ဒေါ်စောကလျာဆွေ၊ သမီး မေဖြူစင် မိသားစုက ကျပ် ၁ဝ သိန်း စုစုပေါင်း အလှူငွေ ကျပ်သိန်း ၃၂ဝ ရရှိပြီဖြစ် ကြောင်း သိရသည်။
Oxygen Generator ဝယ်ယူ နိုင်ရန် လှူဒါန်းလိုသူများအနေဖြင့် ဒေါက်တာ ဦးသိန်းဝင်း ဆေးရုံအုပ်ကြီး၊ ဒေါက်တာမြင့်မြင့်သိန်း (ဖုန်း–ဝ၉- ၅၁၅ဝ၅၃၃)၊ ဒေါက်တာ စိုးစိုးဝင်း ကလေးဆရာဝန်ကြီး (ဖုန်း–ဝ၉-၂ဝဝ၃၁၂၁) တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
















