တရုတ်နိုင်ငံ၌ မတ် ၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၂၇ ဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သေဆုံးသူ ၃၀၉၇ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
မတ် ၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၄ ဦးရှိခဲ့ပြီး အများစုသည် ဟူပေးပြည်နယ်မှဖြစ်ကြသည်။ ယင်းကြောင့် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၀၆၉၅ ဦးရှိသွားပြီဖြစ်သည်။
ပေကျင်းနှင့် အနောက်မြောက်ပိုင်း ကန်ဆုတို့ရှိ ကူးစက်ခံရသူသစ် သုံးဦးမှလွဲ၍ ကူးစက်သူသစ်အားလုံးသည် ပြည်ပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် တရုတ်နိုင်ငံသို့ ရောက်ရှိလာသူများ ဖြစ်ကြသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ဦးရေသည် လွန်ခဲ့သော ရက်သတ္တပတ်များစွာအတွင်း ကျသထက် ကျဆင်းလာပြီဖြစ်ပြီး ၄၁ ဦးတွင် ရပ်တည်နေကာ ပြည်နယ်တွင်း လူဝင်လူထွက် ပိတ်ပင်ခဲ့သည့် ဇန်နဝါရီ အကုန်ပိုင်းမှစ၍ အနည်းဆုံးဖြစ်ခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ်ဦးရေ အကျပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပြည်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူများ တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး ၎င်းတို့မှတစ်ဆင့် ကူးစက်မှုနှုန်းပြန်တက်လာမည်ကို စိုးရိမ်မှုများရှိနေသည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ၁၀ဝ၀ဝ၀ ကျော်သွားပြီဖြစ်ပြီး နိုင်ငံနှင့် နယ်မြေ ၉၅ ခုတို့တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေပြီဖြစ်ကာ သေဆုံးသူ ၃၅၀ဝ ခန့်ရှိနေပြီဖြစ်သည်။

















