မြောက်ကိုရီးယားသည် ကိုရိုနာဗိ်ုင်းရပ်စ်ပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် သီးခြားထားရှိကာ စောင့်ကြည့်နေသည့် လူ ၃၆၀ဝ ကျော်ကို အပြင်ထွက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားရှိ ယွန်ဟတ်သတင်းဌာနက မတ် ၈ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်သည့်အတွက် နယ်စပ်များကို ပိတ်ဆို့ထားပြီး နိုင်ငံတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း ကြွေးကြော်ထားသည်။ ကန်ဝမ်နှင့် ချာဂန်းခရိုင်များတွင် သီးခြားထားရှိကာ စောင့်ကြည့်မှုခံခဲ့ရသည့် လူ ၃၆၀ဝ ခန့်ကို မတ် ၅ ရက်တွင် အပြင်ထွက်ခွင့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် အသံလွှင့်ဌာနက ထုတ်ပြန်ခဲ့သည်ဟု ယွန်ဟတ်က ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်အန္တရာယ်ကြောင့် တင်းကျပ်သော စည်းမျဉ်းများအောက်တွင် သီးခြားနေထိုင်ခဲ့ရသည့် နိုင်ငံခြားသား ၃၈၀ ဦးအနက် ၂၂၁ ဦးတို့ကို လွတ်လပ်စွာသွားလာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၆ ရက်တွင် ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် နိုင်ငံတွင်းသို့ ရောက်ရှိလာပါက တာဝန်ရှိသည့် အစိုးရအရာရှိများသည် ဆိုးရွားသော အကျိုးဆက်များနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လွန်ခဲ့သောလတွင် သတိပေးပြောဆိုခဲ့ပြီးဖြစ်သည်။ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများခံထားရသည့် မြောက်ကိုရီးယား၌ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြည့်စုံသဖြင့် ဗိုင်းရပ်စ်သာကူးစက်လာပါက လူအများအပြားကို ကူးစက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်နှင့်အားမျှမည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် တောင်ကိုရီးယားနိုင်ငံသားများအား အကောင်းဆုံးနှစ်သိမ့်ပေးရန် ကင်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်ထံသို့ မတ် ၅ ရက်တွင် ပေးစာတစ်စောင်ပေးပို့ကာ တိုက်တွန်းခဲ့သည်။

















