ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ် ကြောင့် ဘာသာရေးပွဲများမလုပ်ရန် ချင်းပြည်နယ်တွင် လက်ရှိကာလအတွင်း စာထုတ် အကြောင်းကြားမည်ဖြစ် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ထံမှသိရသည်။
ဝန်ကြီး ဦးပေါင်လွန်မင်းထန်က ''ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလမ်းညွှန်ချက်လည်းရှိ တယ်။ဒီရက်ပိုင်းမှာ လူထုအစည်းအဝေး တွေ မလုပ်နဲ့ဆိုတာထက် မလုပ်သင့်ဖို့နဲ့ ရောဂါကို စိန်ခေါ်သလိုဖြစ်မှာမို့လမ်းညွှန်ထားတာရှိတယ်။ ချင်းပြည် နယ်မှာ ဘာသာရေးပွဲတွေက ဒီနှစ်ထဲမှာ များနေတယ်။ ပွဲတွေလျှော့နိုင်သလောက် လျှော့ဖို့နဲ့ မလုပ်နဲ့ဆိုတာထက် အသိ တရားနဲ့ ဒီလိုလုပ်ဖို့လိုပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ချင်းပြည် နယ်မှာ ဘာသာရေးပွဲမလုပ်ဖို့ ဒီရက် ပိုင်းအတွင်း စာထုတ်မယ်''ဟု ပြော သည်။
ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာန အနေဖြင့် အိန္ဒိယ–မြန်မာ နယ်စပ် ရိခေါဒါရ်မြို့နယ်စပ်ဂိတ်နှင့် ခိုင်ကမ်း စစ်ဆေးရေးဂိတ်များတွင် ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးမှုများ ကြပ်မတ်စစ် ဆေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ချင်းပြည်နယ် ကျန်းမာရေးဦးစီး ဌာနအနေဖြင့် ချင်းပြည်နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေး၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာ ပေး ဟောပြောခြင်း၊ လက်တွေ့သရုပ် ပြခြင်းများကို နေ့စဉ် ကွင်းဆင်းဆောင် ရွက်ကြပြီး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဝေငှလျက်ရှိ ကြောင်း သိရသည်။
















