ပြင်သစ်လွှတ်တော်အမတ်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောကြောင့် ဆေးကုသမှုခံယူနေရပြီး အခြားလွှတ်တော်အမတ်ငါးဦးသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ရောဂါလက္ခဏာများပြနေပြီဖြစ်သောကြောင့် စစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက မတ် ၇ ရက်တွင် ပြောဆိုခဲ့သည်။
လွှတ်တော်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အမတ်နှစ်ဦး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း နိုင်ငံအရှေ့ပိုင်း အယ်လ်ဆက်ဒေသရှိ မီဒီယာများကမူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများအပြားရှိနေသည့် ခရိုင်တစ်ခုမှ အမတ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းအမျိုးသားအမတ်သည် အထူးကြပ်မတ်ကုသမှုကို ခံယူနေရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဒုတိယလွှတ်တော်အမတ်သည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း လွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လွှတ်တော်စားသောက်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မတ် ၉ မှ ၂၂ ရက်အထိ ပြင်သစ်နိုင်ငံတစ်ဝန်းတွင် စည်ပင်သာယာရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် အောက်လွှတ်တော် အစည်းအဝေးများကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ ယင်းကြောင့် လွှတ်တော်တွင်း လူဝင်နည်းပါးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလျှော့ချရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ကြောင်း လွှတ်တော်က ထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ၌ မတ် ၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ဦးရှိသွားပြီဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ပြင်သစ်၌ ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၁၆ ဦးရှိနေပြီဖြစ်သည်။

















