ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် ပုပ်ရဟန်းမင်း၏ တနင်္ဂနွေဆုတောင်းပွဲကို အွန်လိုင်းကနေသာ ထုတ်လွှင့်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် ပုပ်ရဟန်းမင်း၏ တနင်္ဂနွေဆုတောင်းပွဲကို အွန်လိုင်းကနေသာ ထုတ်လွှင့်

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြန်ဆန်နေသော အီတလီနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပုပ်ရဟန်းမင်း ဖရန်စစ်သည် တနင်္ဂနွေ ဆုတောင်းပွဲကို စိန့်ပီတာရင်ပြင်တွင် မကျင်းပဘဲ အွန်လိုင်းကနေသာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အသက် ၈၃ နှစ်အရွယ် ပုပ်ရဟန်းမင်းသည် အစဉ်အလာကို ကျော်လွန်ကာ နည်းပညာကို အသုံးပြုပြီး COVID-19 ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် တစ်တပ်တစ်အား ပါဝင်လိုက်ခြင်းလည်း ဖြစ်သည်။ စိန့်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်းကိုယ်တိုင် မဟောပြောသော်လည်း ရုပ်သံပိတ်ကားများ ချထားပေးခဲ့သည်။ ထို့ပြင် Vatican News ဝက်ဘ်ဆိုက်မှတစ်ဆင့်လည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

ပုပ်ရဟန်းမင်းကိုယ်တိုင် အစဉ်အလာအတိုင်း ပြတင်းပေါက်မှတစ်ဆင့် မဟောပြောသောကြောင့် စိန့်ပီတာရင်ပြင်သို့ လူစုလူဝေး ရောက်ရှိနှုန်း နည်းသွားကာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ နည်းပါးသွားနိုင်ကြောင်း ဗာတီကန် တာဝန်ရှိသူများက ခန့်မှန်းထားသည်။ ပုပ်ရဟန်းမင်း ဖရန်စစ် ကိုယ်တိုင်သည်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အအေးမိ ဖျားနာဝေဒနာ ခံစားခဲ့ရသည်။

ဗာတီကန်တွင် နေထိုင်သူ ၄၅၀ ခန့်ကို COVID-19 ကူးစက်ခြင်းမျိုး ကာကွယ်ရေးအတွက်လည်း ကျန်းမာရေး လမ်းညွှန်ချက်များ ဗာတီကန် အာဏာပိုင်များက ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ ဗာတီကန်တွင် မတ် ၅ ရက်က COVID-19 ကူးစက်သူတစ်ဦး ပထမဆုံး အတည်ပြုနိုင်ခဲ့ပြီး ဗာတီကန်က ကြီးမှူးကျင်းပသည့် အခမ်းအနားတစ်ခုသို့ ပြီးခဲ့သည့်လက တက်ရောက်ခဲ့သူတစ်ဦး COVID-19 ကူးစက်သည့် လက္ခဏာများ တွေ့ရသဖြင့် ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းလျက်ရှိသည်။

ယင်းအခမ်းအနားသို့ မိုက်ခရိုဆော့ဖ်မှ တာဝန်ရှိသူ ဘရတ် စမစ်နှင့် ဥရောပလွှတ်တော် ဥက္ကဋ္ဌ ဒေးဗစ် ဆာဆိုလီတို့လည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်သူများအားလုံး ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးစစ်ဆေးကြရန်လည်း ဗာတီကန်က နှိုးဆော်ထားသည်။