COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်ရသည့်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များ တပ်ဖွဲ့ဝင်လဲလှယ်မည့် အစီအစဉ်ကို သုံးလ နောက်ဆုတ်ထားရန် တရုတ်၊ တောင်ကိုရီးယား၊ ပြင်သစ် အပါအဝင် ကိုးနိုင်ငံကို ကုလသမဂ္ဂက ညွှန်ကြားထားကြောင်း သိရသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအတွင်း လူသစ်များ ဝင်လာကာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမျိုးမရှိစေရန်၊ တပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ အလှည့်ကျ လဲလှယ်မည့် အစီအစဉ်ကို သုံးလ နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း ကုလက ပြောသည်။ ကိုးနိုင်ငံထဲတွင် ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ အိန္ဒိယ၊ အီတလီ၊ ဂျာမနီတို့လည်း ပါဝင်ပြီး နိုင်ငံအများစုသည် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ကြုံရလျက်ရှိသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအသီးသီးက တပ်ဖွဲ့ဝင်များ အလှည့်ကျ ထည့်ဝင် တာဝန်ထမ်းဆောင်ရလျက်ရှိပြီး၊ ကုလသမဂ္ဂ၏ နိုင်ငံတကာ မစ်ရှင်များတွင် လုံခြုံရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်ရလျက်ရှိသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ကာ တပ်ဖွဲ့ဝင်များကိုလည်း ကျန်းကျန်းမာမာ ရှိစေရန်အတွက် တပ်ဖွဲ့ဝင် အသစ်များ လဲလှယ်မည့် အစီအစဉ်ကို ကုလသမဂ္ဂက ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ ငြိ်မ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် အင်အား တစ်သိန်းခန့်ရှိပြီး ၁၅ နိုင်ငံခန့်တွင် ဖြန့်ကျက်တာဝန်ထမ်းဆောင်လျက်ရှိသည်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ဦးထုပ်ပြာတပ်ဟုလည်း ခေါ်လေ့ရှိပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းများဌာနအောက်တွင် ထားရှိသည်။
လက်ရှိတွင် အာဖရိကနိုင်ငံ အများစု၌ ငြိ်မ်းချမ်းရေးထိန်းသိမ်းမှုတပ်များကို ချထားသည်။COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၉၀ ကျော်သို့ ပျံ့နှံ့ကာ လူ တစ်သိန်းကျော်ကို ကူးစက်ထားပြီး တရုတ်၊ တောင်ကိုရီးယား၊ အီရန်နှင့် အီတလီတို့တွင် ဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးဖြစ်နေသည်။

















