ကိုရိုနာသံသယ လူနာတစ်ဦးကို ထိတွေ့ကုသခဲ့သော မန္တလေးဆေးရုံကြီးမှ ဆရာဝန်တစ်ဦးအား မတ် ၈ ရက် နံနက်အစောပိုင်း၌ ကန်တော်နဒီသီးသန့်ဆေးရုံတွင် သီးသန့်ထားရှိခဲ့ရာက ၎င်း ထိတွေ့ခဲ့သောလူနာ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုအဖြေအရ ကိုရိုနာမရှိဟု ပြန်ကြားခဲ့သော်လည်း ထိုဆရာဝန်အား နောက်တစ်ရက် ထားရှိမည်ဟု မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ်ဒေါက်တာကျော်ခင်က မတ် ၈ ရက်တွင် အတည်ပြုပြောကြားသည်။
အဆိုပါဆရာဝန်သည် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှ အသက် (၃၅) နှစ်အရွယ် အမျိုးသားအား ထိတွေ့ခဲ့ခြင်းဖြစ်ပြီး ထိုလူနာမှာ ကိုရိုနာမရှိကြောင်း ယနေ့ (မတ် ၈ ရက်)ည ၇ နာရီခွဲက ဓာတ်ခွဲခန်း အဖြေရရှိခဲ့သည်။
"ဆရာဝန်က မနေ့ ညက ဖျားတယ်။ အာသီးရောင်လို့ ဖျားတယ်လို့ထင်တယ်။ ဒါပေမယ့်သူ့ကိုခွဲခြားစောင့်ကြည့်တာ က ပိုပြီး စိတ်ချရတယ်ဆိုပြီး စောင့်ကြည့်လုပ်တာပါ။ သူ ထိတွေ့ကုသခဲ့တဲ့ လူနာမှာ မတွေ့ဘူးဆိုပေမယ့် အဲဒီမှာ တစ်ရက်လောက်တော့ ထားလိုက်ဦးမယ်။ ဒီနေ့မှာ သံသယလူနာတစ်ယောက် တင်လိုက်သေးတယ်" ဟု ဒုတိယဆေးရုံအုပ်ဒေါက်တာကျော်ခင်ကပြောသည်။
ယနေ့ လွှဲပို့စောင့်ကြည့် သံသယလူနာမှာ အမရပူရမြို့ နယ်မှဖြစ်၍ ကျယ်ဂေါင်(တရုတ်နိင်ငံဘက်)သွားရောက် အလုပ်လုပ်ခဲ့ရာက ပြန်ရောက်လာသည်မှာ တစ်လကျော် ရှိသော်လည်း အဖျားရှိနေ၍ စိတ်ချအောင် စောင့်ကြည့် လုပဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
ဝက်လက်မြို့နယ်မှ လူနာသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ် ၅ ရက်က ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစား ခဲ့ရသဖြင့် မတ် ၆ ရက်တွင် ဝက်လက်မြို့နယ်ဆေးရုံသို့ လာရောက်ပြသခဲ့ရာ မန္တလေးကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ပြီး စောင့်ကြည့်ကုသပြီး ဓာတ်ခွဲနမူနာ စစ်ဆေးရန်ပေးပို့စစ်ဆေး ခဲ့ရာ Negative (ပိုးမတွေ့)ဟု အဖြေရရှိခဲ့သည်။
အလားတူ မတ် ၇ ရက်က မန္တလေးမြို့မှအသက် ၇၁ နစ်အရွယ် အမျိုးသားတစ်ဦး မန္တလေးဆေးရုံသို လာရောက်ပြသရာ သံသယလက္ခဏာတွေ့ရှိရ၍ စောင့်ကြည့်လူနာအဖြစ်ထားရှိကုသပြီး ဓာတ်ခွဲနမူနာ ပေးပို့ စစ်ဆေးခဲ့ရာ ကိုရိုနာမရှိကြောင်း စစ်ဆေးချက်အဖြေ ထွက်ခဲ့ သည်။
















