ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦးတွင် COVID-19 ကူးစက်ခံထားရကြောင်း ဘင်္ဂလားဒေ့ရှ်ကူးစက် ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသနအင်စတီကျု (IEDCR) က မတ် ၈ ရက်တွင် ထုတ်ပြန် သည်။
IEDCRညွှန်ကြားရေးမှူး မာဂျဒီ ဆာဘရီနာ ဖလိုရာက မတ် ၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ အသိပေးခဲ့ခြင်းဖြစ်သည်။သုံးဦးအနက် နှစ်ဦးသည် မကြာသေးခင်ရက်ပိုင်းကမှ အီတလီမှ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ကူးစက်ခံရသူ သုံးဦးစလုံး သည် အသက် ၂ဝ မှ ၃၅ ကြားဖြစ်သည်။ COVID-19 ကူးစက်မှုထိန်းချုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်သည် မတ် ၄ ရက်ကစတင်ကာ အီတလီ၊ တောင်ကို ရီးယား၊ ဂျပန်နှင့် ကူဝိတ်နိုင်ငံသားများ ဗိုင်းရပ်စ် ကင်းစင်ကြောင်း ထောက်ခံစာ မပါလျှင် နိုင်ငံထဲဝင်ခွင့် ပယ်ချလျက် ရှိသည်။
အာဂျင်တီးနားနိုင်ငံတွင်လည်း မတ် ၇ ရက်က (၆၄)နှစ်အရွယ် အမျိုး သားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့ပြီး လက်တင်အမေရိက ဒေသတွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူဖြစ်ကြောင်း သိရသည်။
ဗျူနိုအေးရီးမြို့တွင်နေထိုင်သည့် ထိုအမျိုးသား သည် ဖေဖော်ဝါရီ ၂၅ ရက်ကမှ ဥရောပမှ ပြန်လာသူဖြစ် ကြောင်း အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက
ဆိုသည်။
ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ကာ ဖျားနာလက္ခ ဏာများပြသခဲ့ပြီး ထိုသူသည် ဆီးချို၊ သွေးတိုး၊ ကျောက် ကပ်ရောဂါအခံရှိသူဖြစ်ကြောင်းလည်း သိရသည်။ အာ ဂျင်တီးနားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်ဦးရှိနေသည်။
မတ် ၈ ရက်အထိ ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသပေါင်း ၁ဝ၃ ခုသို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလျက်ရှိပြီး လူတစ်သိန်း ကျော်ကူးစက်ခံရကာ ၃၆ဝဝ ကျော်သေဆုံးခဲ့သည်။

















