မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် အကွက်အမှတ်(၄၀)ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ဘွဲ့နှင်းသဘင်ခန်းမတွင် မတ် ၈ ရက် နံနက် ၉ နာရီက တိုင်းရင်းဆေးတက္ကသိုလ် နှင့် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့ကြီးမှူးလျက် ၂၀၂၀ ပြည့်နှစ် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ (တပေါင်းလပြည့်နေ့) အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားကို နဝရတ်ကတိ သစ္စာသံပြိုင်ရွတ်ဆိုဖွင့်လှစ်ကြပြီး တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော ကျန်းမာရေး အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာပတိတိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဝင် ဆရာကြီးဦးမြင့်လွင်က အမှာစကားပြောကြားသည်။
ဆက်လက်ပြီ းမန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌဦးတင်းဝင်းနိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းရင်းဆေးတက္ကသိုလ်ဆေးပညာဌာန ဒုတိယပါမောက္ခ၊ ဌာနမှူးဦးဌေးလွင်က အရှင်နာဂသေနာဘိဝံသ (သိမ်ဖြူဆရာတော်)၏ဂုဏ်ကျေးဇူးတော်ကို ဖတ်ကြားတင်ပြသည်။
ယင်းနောက်တာဝန်ရှိသူများက တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၏ ၂၀၁၉ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများကို ပညာရည်ချွန်ဆု ချီးမြှင့်ပေးအပ်ပြီး အခမ်းအနားဖြစ် မြောက်ရေးကူညီပံ့ပိုးပေးခဲ့သော အလှူရှင်ဒေါက်တာဌေးဌေးခိုင် (မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် အခြားအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
















