COVID -19 ကူးစက်ခံရသူသစ်ဦးရေ ထိုးကျသွားသဖြင့် ဝူဟန်ရှိ ယာယီဆေးရုံအများစုကို ပိတ်သိမ်း

COVID -19 ကူးစက်ခံရသူသစ်ဦးရေ ထိုးကျသွားသဖြင့် ဝူဟန်ရှိ ယာယီဆေးရုံအများစုကို ပိတ်သိမ်း

တရုတ်နိုင်ငံ၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေ ထိုးကျသွားသဖြင့် ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်မြို့တော် ဝူဟန်ရှိ ယာယီဆေးရုံ ၁၆ ခုအနက် ၁၁ ခုကို မတ် ၈ ရက်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်သည်။
 

တရုတ်နိုင်ငံ၌ မတ် ၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၀ ဦးရှိခဲ့ပြီး ကူးစက်မှုဆိုင်ရာသတင်းအချက်အလက်များကို စတင်ထုတ်ပြန်ခဲ့သည့် ဇန်နဝါရီမှစ၍ အနည်းဆုံးဖြစ်ခဲ့သည်။

ကူးစက်ခံရသူသစ်အများစုနှင့် သေဆုံးသူ ၂၂ ဥိီးတို့သည် ဟူပေးပြည်နယ်မှဖြစ်သည်။ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁၁၉ ဦးရှိသွားပြီဖြစ်သည်။

မတ် ၉ ရက်တွင် ပြည်နယ်တွင်းရှိ ကူးစက်ခံရသူသစ်အကုန်လုံးသည် ပြည်နယ်မြို့တော် ဝူဟန်မှဖြစ်သည်။ ဝူဟန်၌ လူနာ ၃၁၀ဝ၀ ဦးသည် ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။

ဝူဟန်ရှိ အားကစားကွင်းများ၊ စာသင်ကျောင်းများအပါအဝင် အများပြည်သူဆိုင်ရာအဆောက်အအုံများကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲခဲ့သည့်နေရာ ၁၆ ခုအနက် ၁၁ ခုကို မတ် ၈ ရက်မှစ၍ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ကုတင် ၂၀ဝ၀ ဆန့်သည့် အားကစားရုံတစ်ရုံနှင့် စက်ရုံတစ်ရုံတို့ပါဝင်သည့် ဆေးရုံနှစ်ခုကိုလည်း မကြာမီတွင် ပိတ်သိမ်းမည်ဖြစ်သည်။ ကျန်ဆေးရုံနှစ်ရုံသည် မတ် ၈ ရက်တွင် နောက်ဆုံးကျန်ရှိသည့် လူနာ ၆၁ ဦးတို့ကို ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။

လူဦးရေ ၅၆ သန်းရှိသော ဟူပေးပြည်နယ်၌ ဇန်နဝါရီအကုန်ပိုင်းမှစ၍ လူဝင်လူထွက်ပိတ်ပင်ထားခြင်းကို မကြာမီတွင် ရုပ်သိမ်းဖွယ်ရှိနေကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။

ဟူပေးပြည်နယ်အပြင်ဘက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်လေးဦးသည် ပြည်ပတွင် ကူးစက်ခံခဲ့ရသူများဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။တရုတ်တွင် ပြည်ပ၌ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၆၇ ဦးရှိနေသည်။