COVID-19 ကြောင့်သေဆုံးသူဦးရေ တရုတ်ပြီးနောက် အီတလီ ဒုတိယအများဆုံးဖြစ်နေ

COVID-19 ကြောင့်သေဆုံးသူဦးရေ တရုတ်ပြီးနောက် အီတလီ ဒုတိယအများဆုံးဖြစ်နေ

အီတလီ၌ COVID-19 ကြောင့် သေဆုံးသူဦးရေသည် တောင်ကိုရီးယားကို ကျော်တက်ပြီး တရုတ်နိုင်ငံပြီးနောက် ဒုတိယနေရာတွင် ရပ်တည်နေသည်။
 

အီတလီ၌ မတ် ၈ ရက်အထိ သေဆုံးသူ ၃၆၆ ဦးရှိနေပြီဖြစ်သည်။ ကူးစက်ခံရသူသစ်ဦးရေသည်လည်း တစ်ရက်တည်းမှာပင် ၁၄၉၂ ဦးရှိနေရာမှ ၇၃၇၅ ဦးအထိ စံချိ်န်တင်မြင့်တက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ နိ်ုင်ငံနှင့် နယ်မြေ ၉၉ ခုတို့၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၈၀ဝ ခန့်နှင့် ကူးစက်ခံထားရသူ ၁၀၉၀ဝ၀ ဦးကျော်ရှိသွားပြီဖြစ်သည်။

အီတလီရှိစုစုပေါင်းလူဦးရေ၏လေးပုံတစ်ပုံသည် လူဝင်လူထွက်ပိတ်ပင်ခံထားရသည့် ဒေသများတွင် နေထိုင်နေသည်။ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်နေသည့် နိုင်ငံမြောက်ပိုင်းဒေသသို့ လူများသွားရောက်ခြင်းမပြုရန်နှင့် ယင်းဒေသတွင်နေထိုင်သူများ ဒေသအပြင်ဘက်သို့ မထွက်ရန် ညွှန်ကြားချက်ထုတ်ထားပြီးဖြစ်သည်။

နိုင်ငံတောင်ပိုင်း ပူဂလီယာဒေသ၏အကြီးအကဲကလည်း လူဝင်လူထွက်ပိတ်ပင်ခံထားရသည့် ဒေသသို့ သွားရောက်ခြင်းမပြုရန်နှင့် ဗိ်ုင်းရပ်စ်ကို ပူဂလီယာသို့ သယ်ဆောင်လာခြင်းမပြုရန် တောင်းဆိုထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၅၀ ဦးရှိနေသည့် ဂျာမနီနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉ ဦးရှိနေသည့် ပြင်သစ်တို့၌ လူ ၁၀ဝ၀ ကျော်ထက် စုဝေးခြင်းမပြုရန် ပိတ်ပင်ချက်ထုတ်ပြန်ထားသည်။

အီတလီရှိ သီးခြားထားစောင့်ကြည့်ပြီး လူဝင်လူထွက်ပိတ်ပင်ထားသည့် ဇုန်များတွင် လူ ၁၅ သန်းကျော်နေထိ်ုင်ကာ ဗင်းနစ်နှင့် မီလန်မြို့တစ်ဝိုက်ရှိ ဒေသများပါဝင်နေသည်။ အကျဉ်းထောင်များ၌ မိသားစုဝင်များလာရောက်တွေ့ခွင့်ကိုပိတ်ပင်ခြင်းအပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးလုပ်ဆောင်မှုများကို မကျေနပ်သည့်အတွက် အကျဉ်းထောင်လေးခုတွင် ထောင်တွင်းပုန်ကန်မှုရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်ကျောင်းတော်မှ ပထမဆုံးအကြိမ်တိုက်ရိုက်ထုတ်လွှင့်သည့် ဆုတောင်းပွဲတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူများနှင့် တစ်သားတည်းရပ်တည်ပါကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။