မတ် ၈ ရက်က အိုးထရက်ဖို့ဒ်၌ ၁၈၂ ပွဲမြောက် မန်ချက်စတာဒါဘီကစားခဲ့ရာ အိမ်ရှင်မန်ယူက တိုက်စစ်မှူး မာရှယ်၊ ကွင်းလယ်လူ မတ်တွန်မီနေးတို့၏ ဂိုးများဖြင့်နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မန်ယူနှင့် မန်စီးတီးတို့၏ဒါဘီပွဲကို ပရိသတ် ၇ဝဝဝဝ ကျော်တက် ရောက်ကြည့်ရှုအားပေးခဲ့ပြီး မန်ယူမှာ ပထမပိုင်းမိနစ် ၃ဝ ၌ ဦးဆောင်ဂိုးရရှိခဲ့သည်။ မန်ယူသည် ပြစ်ဒဏ်ဘောရခဲ့ရာ ဘရူနိုဖာနန်ဒက်စ်က အကွက်မြင်မြင်ဖြင့် ဘောလုံး ကျော်မပေးခဲ့သည်ကို တိုက်စစ်မှူးမာရှယ်က အပြင်းကန် သွင်းခဲ့ပြီး မန်စီးတီးဂိုးသမား အီဒါဆန်ကာကွယ်ခဲ့သော် လည်း ဂိုးဝင်ခဲ့သည်။
မန်စီးတီးသည် ဒုတိယပိုင်းတွင် ချေပဂိုးပြန်လည်ရရှိ ရန် နေရာစုံမှကြိုးစားခဲ့သော်လည်း မန်ယူခံစစ်ကစားပုံ တည်ငြိမ်မှုရှိခဲ့၍ အရာမထင်ခဲ့ပေ။ မန်ယူသည် ပွဲပြီးလုချိန်တွင် ဒုတိယဂိုးရရှိခဲ့ပြီး အီဒါဆန်၏ ဘောလုံးပစ်ပေးပုံ အမှားမှတစ်ဆင့် မတ်တွန်မီနေးက သွင်းယူခဲ့သည်။ မန်ယူ သည် ၁၉၆ဝ–၆၁ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချယ်လ်ဆီးနှင့်မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ရခဲ့သည်။
မာရှယ်သည် မန်ယူဂန္ထဝင်ကစားသမား ဟောင်း ကန်တိုနာ၏ မန်ချက်စတာဒါဘီစံချိန်တစ်ခုကို လိုက်မီခဲ့ပြီး ကန်တိုနာပြီးနောက် ပရီးမီးယားလိဂ် မန်ချက် စတာဒါဘီသုံးပွဲ ပွဲထွက်ခွင့်ရခဲ့သည့်အချိန် သုံးပွဲစလုံး ဂိုးသွင်းနိုင်သောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် မာရှယ်သည် ၂ဝဝ၆–ဝ၇ ဘောလုံးရာသီက စီရိုနယ်ဒိုပြီးနောက် တစ်ရာသီအတွင်း မန်စီးတီးကိုနှစ်ကျော့ စလုံးဂိုးသွင်းနိုင်သော ပထမဆုံးကစားသမားဖြစ်ခဲ့သည်။
မန်ချက်စတာဒါဘီပွဲကို မန်ယူဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်လည်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မတ်တွန်မီနေး ဂိုးသွင်းလိုက်သည့် အချိန် ပြုံးပျော် ရယ်မောကာ အောင်ပွဲခံခဲ့ကြောင်း သိရသည်။ ဒါဘီနိုင်ပွဲ ရရှိခဲ့ရာ ပွဲကြည့်စင်ပေါ်၌ အားပေးခဲ့သည့် ဆာအဲလက် ဖာဂူဆန် ဂုဏ်ယူနေမည်ကို ပရိသတ်များမြင်တွေ့နိုင်ကြောင်း ဆိုးလ်ရှားက ဝမ်းသာအားရစွာပြောကြားခဲ့သည်။















