COVID-19 ကူးစက်ခံဦးရေကျဆင်းသော်လည်းသတိထားရန် တောင်ကိုရီးယားသမ္မတ ဆို၊ဂျာမနီ၌ ၁၀ဝ၀ ကျော် ကူးစက်ခံရ

COVID-19 ကူးစက်ခံဦးရေကျဆင်းသော်လည်းသတိထားရန် တောင်ကိုရီးယားသမ္မတ ဆို၊ဂျာမနီ၌ ၁၀ဝ၀ ကျော် ကူးစက်ခံရ

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေကျဆင်းလာမှုကြောင့် ကူးစက်မှုနှင့်ပတ်သက်လျှင် တည်ငြိမ်သည့်အဆင့်တစ်ခုကိုရောက်ရှိလာနိုင်သော်လည်း အပျော်မလွန်ရန်အရေးကြီးကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က မတ် ၉ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
 

မတ် ၉ ရက်တွင် တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၆၅ ဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၇၄၇၈ ဦးရှိသွားပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KCDC) က ထုတ်ပြန်ခဲ့သည်။ မတ် ၉ ရက် ကူးစက်ခံရသူသစ်ဦးရေ ထုတ်ပြန်ချက်အရ ၁၁ ရက်အတွင်း ကူးစက်ခံရသူသစ်ဦးရေ အနည်းဆုံးအထိကျဆင်းသွားသည်။

တောင်ကိုရီးယား၌ ကူးစက်ခံရသူသစ်ဦးရေ ဆက်လက်ကျဆင်းလာမည်ဆိုပါက တည်ငြိမ်သည့် အဆင့်သို့ရောက်ရှိလာနိုင်သော်လည်း အပျော်မလွန်ရန် အရေးကြီးသလို ဘာသာရေးအခမ်းအနားများကဲ့သို့ လူစုလူဝေးပါဝင်သည့် ပွဲလမ်းသဘင်များသို့ တတ်နိုင်သရွေ့မသွားရောက်ရန်လည်းလိုအပ်ကြောင်း မွန်းက သတိပေးပြောဆိုခဲ့သည်။

ဂျာမနီနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေ ၁၀ဝ၀ ကျော်သွားပြီဖြစ်ကြောင်း ရောဘတ် ကိုခ်ရောဂါထိန်းချုပ်ရေးအင်စတီကျုက မတ် ၉ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းများအရသိရသည်။ဥရောပတွင် အကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားသည့် ဂျာမနီ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁၁၂ ဦးရှိနေပြီဖြစ်သည်။

မြောက်ရိုင်း-ဗက်စ်ဖာလီယား( ဝက်စ်ဖာလီယား NRW) တွင် ကူးစက်ခံထားရသူ ၄၈၄ ဦးရှိနေပြီဖြစ်ပြီး ယင်းသည် ဂျာမနီရှိ ပြည်နယ် ၁၆ ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေအများဆုံးဖြစ်ခဲ့သည်။

ပြည်နယ်တွင်းပြုလုပ်မည့် ဘောလုံးပြိုင်ပွဲများအပါအဝင် လူများစွာပါဝင်သည့် အခမ်းအနားများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း NRW ပြည်နယ်ဝန်ကြီးချုပ် အာမင် လာစ်ချတ်ကပြောဆိုခဲ့သည်။