မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ဈေးတွင် ကျန်းမာရေးစစ်ဆေးမှု စတင်

မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ဈေးတွင် ကျန်းမာရေးစစ်ဆေးမှု စတင်

မန္တလေးမြို့ မဟာအောင်မြေကျောက်မျက် ရတနာဈေးတွင် နေ့စဉ် လူအဝင်အထွက်မှာ နေ့စဉ်ထောင်နှင့်ချီ များပြားပြီး တရုတ်ကုန်သည် အချို့လည်း ရှိနေသဖြင့် မတ် ၁၀ ရက်က စတင်၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများအား အဝင်အထွက်ပေါက်များ၌ စစ်ဆေးနေပြီ ဖြစ်ကြောင်းသိရသည်။

ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေး ကြိုးစားခဲ့ပြီး အဝင်အထွက်ပေါက် ၅ ခု၌ အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးခြင်းနှင့် လက်ဆေးကန်နှင့်လက်ဆေး ဆပ်ပြာများထားရှိပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

"ခုလုပ်လုပ်နိုင်ဖို့ စည်ပင်ကိုလည်း တင်ပြခဲ့ပါတယ်။ ကျန်းမာရေးက စီးပွားရေးထက် ပိုအရေးကြီးတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်မှုမှာ လက်ဆေးတာ အဓိကဖြစ်လို့ ဝင်လာတဲ့သူတိုင်းကို ဆပ်ပြာနဲ့ လက်ဆေးခိုင်းတယ်။ လူဝင်ထွက်ချိန်များတဲ့ မနက်ကနေ နေ့လယ်ထိ အဝင်အထွက် စစ်ဆေးပေးနေတယ်”ဟု ကျောက်မျက်ဈေး အကျိုးတော်ဆောင်အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်ကပြောသည်။

ကိုယ်အပူချိန်တိုင်းတာသည့် ကိရိယာ ၁၀ ခုနှင့် လက်ဆေးဆပ်ပြာများအား ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ နှစ်ခုက လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှု ကိုယ်အပူချိန်တိုင်းခြင်းကို ကျန်းမာရေးဌာနမှ ဆရာဝန် များ၊ သူနာပြုများနှင့် နေ့စဉ်ဆောင်ရွက်သွားရမည်ဖြစ်၍ ရေရှည်လုပ်ဆောင်နိုင်ရေးအတွက် စိန်ပန်းပရဟိတ လူငယ်အဖွဲ့နဲ့ ဖေးကူလက်အဖွဲများထံ အကူအညီတောင်းထားကြောင်း သိရသည်။

"ကျောက်ဝိုင်းထဲမှာ နစ်သစ်ကူးမပြန်တဲ့ တရုတ်ကုန်သည် ၂၀၀ လောက်ရှိတယ်။ နှစ်သစ်ကူးပြီးနောက်ပိုင်း သင်္ကြန်ရက်နားထိ အရောင်းအဝယ်ကောင်းရမယ့်အချိန်ပဲ။ တရုတ်ကုန်သည်တွေ ဝင်မလာနိုင်တာတော့ အပြိုင်အဆိုင်ဝယ်တာမရှိတော့ ဈေးနိမ်ခံရနဲ့ အရောင်းအဝယ်မဖြစ်ကြဘူး”ဟု ကျောက်စိမ်းကုန်သည်တစ်ဦးက ဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး