COVID-19 ကပေးနိုင်သည့် အန္တရာယ်ကို ချဲ့ကားပြောဆိုနေကြောင်း ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုက မတ် ၉ ရက်တွင် ပြောဆိုခဲ့သည်။
COVID-19 ကြောင့် နိုင်ငံပေါင်း ၆၀ ကျော်တွင် လူ ၄၀ဝ၀ နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ဈေးကွက်ရှယ်ယာတန်ဖိုးသည် ရေနံဈေး၊ ကိုရိုနာဗိုင်းရပ်စ်အရေးတို့ကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း လယ်ယာစွန်းသမ္မတ ဘိုဆိုနာရိုက အမေရိကန်ပြည်ထောင်စု မိုင်ယာမီ၌ ဘရာဇီးနိုင်ငံသားထောက်ခံသူ ၂၀ဝ ခန့်နှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ဗိုင်းရပ်စ်ရဲ့ အဖျက်စွမ်းကို ချဲ့ကားပြောနေတယ်လို့ ထင်တာပဲ၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ချဲ့ကားပြောနေတာဖြစ်ပါလိ်မ့်မယ်ဟု ဘိုဆိုနာရိုကပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ရေနံဈေးကျဆင်းမှုတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ အစိုးရိမ်လွန်နေသဖြင့် ဘရာဇီးနိ်ုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုဘရာစ်၏ ဈေးကွက်ရှယ်ယာတန်ဖိုးသည် မတ် ၉ ရက်တွင် ၃၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
ဘရာဇီးသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးအတွက် ဘိုဆိုနာရိုသည် ဖလော်ရီဒါပြည်နယ်တစ်ဝန်းလှည့်လည်သွားလာကာ စည်းရုံးမှုများပြုလုပ်နေခြင်းဖြစ်သည်။ ဖလော်ရီဒါခရီးစဉ်အတွင်း ဘိုဆိုနာရိုသည် မိုင်ယာမီမြောက်ပိုင်း ပမ်ဘိချ်ရှိ မားအေလာဂို အပန်းဖြေစခန်း၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ထရမ့်သည်လည်း အစိုးရကျန်းမာရေးကျွမ်းကျင်သူများ၏သတိပေးချက်ကို အလေးမထားဘဲ COVID-19 ကပေးနိုင်သည့် အန္တရာယ်ကို လျှော့ပေါ့ပြောဆိုခဲ့ပြီးဖြစ်သည်။ COVID-19 ကိုလုံးဝစိုးရိမ်ခြင်းမရှိဘဲ နိုင်ငံရေးအရ လူထုတွေ့ဆုံပွဲများကို ဆက်လက်ပြုလုပ်နေဦးမည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုထားပြီးဖြစ်သည်။

















