အိမ်ထဲမှာနေရင်းလေထုညစ်ညမ်းနေပြီလား

အိမ်ထဲမှာနေရင်းလေထုညစ်ညမ်းနေပြီလား

လေထုညစ်ညမ်းတာ (Air Pollution) ဟာလူတွေကိုကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေအများအပြားပေးနိုင်တဲ့သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။
 

ခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ရန်ကုန်မြို့ကြီးဟာလေထုညစ်ညမ်းမှုမြင့်မားလာနေတယ်။နေလို့၊ အသက်ရှူလို့မကောင်းတော့ဘူး။စိတ်ညစ်ညူးဖွယ်မြို့ကြီးဖြစ်လာနေပြီလို့ဆိုနေကြတယ်မဟုတ်လား။
ဒီတင်လားဆိုတော့မဟုတ်ပါဘူး။အာဆီယံဒေသတွင်းတိုင်းပြည်တွေမှာဆိုရင်လည်းဂျကာတာတို့၊ဘန်ကောက်တို့ဟာဒီလိုပြဿနာမျိုးတွေရင်ဆိုင်နေရတဲ့မြို့တော်ကြီးတွေပါ။

လေထုညစ်ညမ်းမှုမြင့်မားလာရင်ဖျားတာ၊နာတာ၊ စိတ်ဖိစီးမှုများတာ၊နှလုံး၊အဆုတ်ရောဂါတွေနဲ့ဆဲလ်ပျက်စီးမှုများတာလိုမျိုးဝေဒနာမျိုးတွေခံစားရနိုင်ပါတယ်။ဒီပြဿနာကရေရှည်ပြဿနာတစ်မျိုးဖြစ်ပါတယ်။
လူတိုင်းကလေထုညစ်ညမ်းမှုအကြောင်းနဲ့ဘေးအန္တရာယ်တွေကိုသတိထားမိပေမယ့် ကိုယ့်နေအိမ်အတွင်းကလေထုညစ်ညမ်းမှု (Indoor Air Pollution) အကြောင်းကိုတော့မသိကြတာများပါတယ်။

နေအိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာကပြင်ပလေထုညစ်ညမ်းမှုနဲ့တိုက်ရိုက်ဆက်စပ်မှုနည်းပါးပြီးတော့မိမိရဲ့အိမ်တွင်းအလေ့အထတွေနဲ့သန့်ရှင်းမှုပြဿနာတွေကြောင့်ဖြစ်ပေါ်လာတဲ့လေထုညစ်ညမ်းမှုတစ်မျိုးဖြစ်ပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှုဟာပုံမှန်လေထုညစ်ညမ်းမှုလိုပဲအန္တရာယ်များပြားပြီးလူတွေကိုအနီးကပ်ဒုက္ခပေးနိုင်ဆုံးဘေးအန္တရာယ်တွေထဲကတစ်မျိုးဖြစ်ပါတယ်။
ဒါကြောင့်ဒီလိုအန္တရာယ်များပြားလှတဲ့အိမ်တွင်းလေထုညစ်ညမ်းမှုကိုတားဆီးနိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးချင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုကိုတားဆီးနိုင်မယ့်နည်းလမ်းများ
  
•    ၁။ပုံမှန်ချိန်တွေမှာတံခါးတွေဖွင့်ထားပါ – ပြတင်းပေါက်တွေ၊တံခါးတွေဖွင့်ထားတာကအိမ်တွင်းလေအဝင်အထွက်စနစ်ကိုကောင်းမွန်စေပြီးအိမ်ထဲကညစ်ညမ်းနေတဲ့လေထုကိုသန့်စင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

•    ၂။အိမ်ထဲမှာ ဆေးလိပ်သောက်တာကိုတားမြစ်ပါ – ဆေးလိပ်ငွေ့ဟာကျန်းမာရေးကိုထိခိုက်စေသလိုအိမ်တွင်းလေထုညစ်ညမ်းမှုရဲ့အဓိကပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာနှစ်စဉ် အဆုတ်ကင်ဆာဝေဒနာနဲ့သေဆုံးနေသူတွေအများအပြားရှိနေပြီးသူတို့ထဲက၃၀၀၀လောက်ဟာတဆင့်ခံဆေးလိပ်ငွေ့ကြောက်ဒီရောဂါကိုခံစားခဲ့ကြရတာဖြစ်ပါတယ်။

•    ၃။ အိမ်မွေးတိရစ္ဆာန်တွေကိုပုံမှန်ရေချိုးသန့်ပေးပါ – အိမ်မွေးတိရစ္ဆာန်တွေဟာလည်းအိမ်တွင်းမှာမသန့်ရှင်းအောင်လေထုညစ်ညမ်းအောင်လုပ်နိုင်ပါတယ်။အထူးသဖြင့်ပုံမှန်ရေမချိုးပေးရင်သူတို့ရဲ့အနံ့အသက်တွေဟာလူတွေကိုအနှောင့်အယှက်ပြုနိုင်ပါတယ်။ဒါ့အပြင်တိရစ္ဆာန်တွေကိုအိပ်ယာထဲခေါ်သိပ်တာမျိုးကိုလည်းရှောင်ကျဉ်သင့်ပါတယ်။

•    ၄။လေစုပ်ပန်ကာသုံးပါ – အိမ်သာ၊ရေချိုးခန်းနဲ့မီးဖိုချောင်တွေမှာလေစုပ်ပန်ကာတပ်ဆင်တာကအိမ်တွင်းလေထုညစ်ညမ်းမှုကိုကောင်းကောင်းလျှော့ချပေးနိုင်ပါတယ်။အထူးသဖြင့်ပြတင်းပေါက်မပါဝင်တဲ့တိုက်ခန်းမျိုးတွေမှာနေထိုင်သူတွေအနေနဲ့လေစုပ်ပန်ကာမဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။

•    ၅။ခြေသုတ်ခုံထားပါ – အိမ်အဝမှာခြေသုတ်ခုံထားတာဟာဖိနပ်နဲ့ခြေထောက်ကအညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ခြေထောက်မှာကပ်ငြိနေတဲ့အညစ်အကြေးတွေဟာအိမ်တွင်းမှာအညစ်ထေးအောင်ပြုလုပ်ပေးနိုင်ပါတယ်။နောက်ပြီးဖိနပ်ကိုအိမ်ထဲအထိစီးတာမျိုးကိုလည်းတားမြစ်သင့်ပါတယ်။

•    ၆။ Air Filters တွေကိုပုံမှန်လဲလှယ်ပါ – တကယ်လို့အိမ်မှာအပူပေးစနစ်ဒါမှမဟုတ်အအေးပေးစနစ်တွေရှိတယ်ဆိုရင် Air Filters တွေတပ်ဆင်ထားဖို့လိုအပ်ပါတယ်။ Air Filters တွေဟာမသန့်စင်တဲ့လေထုနဲ့ဆေးလိပ်ငွေ့တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

•    ၇။မီးဖိုကနေမီးတောက်ကြီးတွေမထအောင်သတိထားပါ – မီးဖိုချောင်မှာချက်ပြုတ်ရာမှာမီးတောက်မထစေတဲ့နည်းလမ်းတွေကိုသုံးစွဲသင့်ပါတယ်။ထင်း၊မီးသွေး၊မီးဖိုတွေကနေထွက်ရှိတဲ့မီးတောက်တွေဟာလှပေမယ့်အန္တရာယ်လည်းများလှပါတယ်။မီးဘေးအန္တရာယ်တင်မကပါဘူး၊သူတို့ဆီကနေထွက်ရှိတဲ့မီးခိုးငွေ့တွေဟာလည်းလူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

•    ၈။အိမ်မှာအမွှေးခဲထားတဲ့အကျင့်ကိုပြင်ပါ – မော်တော်ယာဉ်၊အိမ်သာကနေစလို့အိမ်တွင်းကနေရာအတော်များများမှာအမွှေးခဲထားပေးတာဟာဒီကနေ့ခေတ်မှာခေတ်စားတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။တကယ်တမ်းမှာဒီနည်းလမ်းဟာကျန်းမာရေးအတွက်အထောက်အကူမပြုပါဘူး။အထူးသဖြင့်ရင်ကျပ်ဝေဒနာသည်တွေကိုပိုမိုထိခိုက်စေနိုင်ပါတယ်။

•    ၉။မကြာခနဖုန်စုပ်ပေးပါ – အိမ်မှာအိမ်မွေးတိရစ္ဆာန်တစ်မျိုးမျိုးမွေးမြူထားမယ်ဆိုရင်ဖုန်စုပ်စက်လည်းဆောင်ထားသင့်ပါတယ်။တိရိစ္ဆာန်အမွှေးအမြင်တွေဟာအိမ်ထဲမှာပျံ့နှံ့နေနိုင်ပြီးကျန်းမာရေးနဲ့လေထုသန့်စင်မှုအရည်အသွေးကိုကျဆင်းစေတာကြောင့်ဖြစ်ပါတယ်။

•    ၁၀။ Microfiber သားအဝတ်စကိုသုံးစွဲပါ – Microfiber သားဖုန်သုတ်စ၊အဝတ်စတွေဟာမိုဘိုင်းဖုန်းမျက်နှာပြင်တွေကိုသုတ်သင်သန့်စင်ပေးရုံတင်မကပါဘူး။ပိုမိုအရွယ်အစားကြီးမားတဲ့အစတွေဟာနေအိမ်ကိုဖုန်ကင်းစင်အောင်သန့်ရှင်းရာမှာအတော်လေးအထောက်အကူပြုပါတယ်။

•    ၁၁။ကောဇောသုံးတာလျှော့ပါ – ကောဇောတွေဟာလှပခန့်ညားမှုနဲ့ကြွယ်ဝမှုရဲ့သရုပ်သကန်ဖြစ်ပါတယ်။ကောဇောကတန်ကြေးကြီးလေလေဒီသဘောသဘာဝကိုပိုမိုဖော်ပြနိုင်လေလေပါပဲ။ဒါပေမယ့်တစ်ဖက်မှာလည်းကော်ဇောတွေဟာဖုန်တွေ၊တိရစ္ဆာန် အညစ်အကြေးတွေ၊အမှိုက်အစအနတွေကိုအများဆုံးစုဆောင်းထားနိုင်တဲ့အရာဖြစ်နေပြန်ပါတယ်။မိမိရဲ့နေအိမ်မှာကောဇောတွေအသုံးပြုနေမယ်ဆိုရင်အသုံးပြုမှုနှုန်းကိုလျှော့ချဖို့လိုအပ်ပါတယ်။ကော်ဇောအသုံးပြုမယ့်အစားမာကြောတဲ့ကြမ်းပြင်မျိုးကိုသာအဓိကထားသုံးစွဲသင့်ပါတယ်။

•    ၁၂။နေအိမ်ကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ – ဘယ်နေရာမှာမဆိုစိုစွတ်နေတာဟာမသန့်ရှင်းမှုတွေရှိနေဖို့ရာခိုင်နှုန်းပိုများပါတယ်။ ဘက်တီးရီးယားတွေလို၊မှိုတွေလိုလူကိုဒုက္ခပေးနိုင်တဲ့အရာတွေတွယ်ငြိဖို့ပိုဖြစ်နိုင်ချေများပါလိမ့်မယ်။နေအိမ်ကိုသန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားတာကသန့်ရှင်းတဲ့လေထုကိုပိုင်ဆိုင်နိုင်ဖို့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

•    ၁၃။ ဓာတုဗေဒပစ္စည်းတွေရှိရင်သီးခြားခွဲခြားသိမ်းဆည်းထားပါ – နေအိမ်မှာဓာတုဗေဒပစ္စည်းတွေရှိနေမယ်ဆိုရင်သေချာစနစ်တကျထုပ်ပိုးသိမ်းဆည်းထားဖို့လိုအပ်မှာဖြစ်ပါတယ်။အထူးသဖြင့်လူနေများတဲ့နေရာတွေနဲ့ကင်းဝေးတဲ့နေရာမျိုးမှာသီးခြားထားတာကအကောင်းဆုံးပါပဲ။အဆိုပါပစ္စည်းတွေကိုသန့်စင်မယ်ဆိုရင်လဲဗီနီဂါအဖြူနဲ့ရေကိုရောစပ်ပြီးအသုံးပြုသန့်စင်ပေးနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021