ဗြိတိန်ကျန်းမာရေးအငယ်တန်းဝန်ကြီး COVID-19 ကူးစက်ခံရ

ဗြိတိန်ကျန်းမာရေးအငယ်တန်းဝန်ကြီး COVID-19 ကူးစက်ခံရ

ဗြိတိန်ကျန်းမာရေးအငယ်တန်းဝန်ကြီးဖြစ်သလို ကွန်ဆာဗေးတစ်ပါတီမှ အမတ်တစ်ဦးလည်းဖြစ်သည့် နာဒင်း ဒေါ်ရီစ်သည် COVID-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
 

COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ပြီး ယခုလောလောဆယ်တွင် နေအိမ်မှာပင် သီးခြားနေထိုင်နေကြောင်း ဒေါ်ရီစ်က ထုတ်ပြန်ပြောဆိုခဲ့သည်။ ဒေါ်ရီစ်နှင့် ထိတွေ့ဆက်ခံခဲ့သူများကို ခြေရာခံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေပြီဖြစ်သည်။

COVID-19 တိုက်ဖျက်ရေးဥပဒေကြမ်းရေးဆွဲရေးတွင် ပါဝင်ခဲ့သည့် အသက် ၆၂ နှစ်အရွယ် ဒေါ်ရီစ်သည် ဗြိတိန်နိုင်ငံရေးသမားများအနက် COVID-19 ပထမဆုံးကူးစက်ခံခဲ့ရသူဖြစ်သည်။ လွန်ခဲ့သောအပတ်အတွင်း ဒေါ်ရီသည် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အပါအဝင် လူရာပေါင်းများစွာနှင့် တွေ့ဆုံခဲ့ကြောင်း The Times သတင်းစာကဖော်ပြခဲ့သည်။

လွန်ခဲ့သောအပတ်တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံး၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ၎င်းတက်ရောက်ခဲ့ပြီး အနီးအနားတွင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ဂျွန်ဆင်နှင့်စေ့စပ်ထားသူ ကာရီ ဆင်မန်စ်တို့လည်း ရှိခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့သည်။

ဒေါ်ရီစ်သည် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးစဉ် မတ် ၇ ရက်တွင် နေထိုင်မကောင်းဖြစ်နေခဲ့ပြီး ယခုအချိန်တွင် နာလန်ထလာပြီဖြစ်ကြောင်း ဂါးဒီးယန်းက ဆက်လက်ဖော်ပြခဲ့သည်။ ဒေါ်ရီစ် နေထိုင်မကောင်းသည့်အတွက် စိတ်မကောင်းဖြစ်ပြီး ယခုကဲ့သို့ သီးခြားနေထိုင်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ် ဟန်ကော့က ပြောဆိုခဲ့သည်။

ကျန်းမာရေးအကျပ်အတည်းတွေ့နေချိန်တွင် ဗြိတိန်အစိုးရသည် လွှတ်တော်အစည်းအဝေးများကို မရပ်ဆိုင်းထားသော်လည်း ဒေါ်ရီစ် COVID-19 ကူးစက်ခံရပြီးနောက် အခြားအမတ်များလည်း ကူးစက်ခံရနိုင်ခြေရှိနေသဖြင့် လွှတ်တော်ကိုရပ်ဆိုင်းထားရန် တောင်းဆိုမှုများရှိနေပြီဖြစ်သည်။

၎င်းကိုယ်၎င်း မစိုးရိမ်သော်လည်း ၎င်းနှင့်အတူနေသည့် အသက် ၈၄ နှစ်အရွယ် မိခင်ဖြစ်သူအတွက်မူ စိုးရိမ်မိကြောင်း ဒေါ်ရီစ်က ပြောဆိုခဲ့သည်။

ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၇၃ ဦးရှိနေကာ ခြောက်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။