မြန်မာ-ထိုင်းနယ်စပ်ဂိတ်ပေါက် အမှတ်(၁) ချစ်ကြည်ရေးတံတားကြီးတွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"အခု ထိုင်းနိုင်ငံကနေပြန်လာတဲ့ မြန်မာအလုပ်သမားတွေ နေ့စဉ် ၁၀ဝ၀ ခန့် ရှိနေတယ်။ အဲဒီလိုပြန်လာတဲ့သူတွေမှန်သမျှ မြဝတီခရိုင် ကျန်းမာရေးဌာနကနေပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ပါရှိလာမှု ရှိမရှိကို အပူချိန်တိုင်းကိရိယာအပြင် ကွန်ပျူတာကိရိယာတွေနဲ့ ချစ်ကြည်ရေးတံတားကြီးရဲ့ သတ်မှတ်ထားတဲ့ နေရာနှစ်နေရာမှာ စစ်ဆေးဆောင်ရွက်နေပါတယ်။ အဓိကက ကိုယ်အပူချိန်မြင့်မားနေတာပေါ့။ ပြီးတော့ နှာရည်ယိုနေမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ အသက်ရှူရခက်မယ် အစရှိတဲ့ လက္ခဏာတွေတွေ့ရင်တော့ ပြည်သူ့ဆေးရုံကြီးကိုပို့ပြီး ကျန်းမာရေးကုသမှုတွေ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများ နေ့စဉ် ၁၀ဝ၀ ခန့်ရှိနေပြီး စက်ရုံပိတ်သိမ်းလိုက်မှုကြောင့် ပြန်လာသူများရှိသကဲ့သို့ သင်္ကြန်ကာလပိတ်ရက်ဖြစ်သဖြင့် ကြိုတင်ပြန်လာသူများလည်းရှိကြောင်း သိရသည်။
"တစ်နေ့က ကျွန်တော်တို့စက်ရုံမှာ အလုပ်သမားငါးဦးမူးလဲလို့ အရေးပေါ် ဆေးရုံပို့ပေးလိုက်တယ်။ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးရုံကြီးမှ ာစစ်ဆေးနေတယ်လို့သိရပြီး သူဌေးက အဲဒီလိုဖြစ်တာနဲ့ စက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်။ အဲဒီလို စက်ရုံပိတ်လိုက်လို့ ကျွန်တော်တို့ အခုလိုပြန်လာရတာပါ။ စက်ရုံပိတ်လိုက်လို့ပြန်လာတာ အားလုံးအလုပ်သမား ၄၀ဝ ကျော်ရှိတယ်"ဟု စက်ရုံပိတ်သိမ်းလိုက်မှုကြောင့် မဲဆောက်မြို့နယ် အထည်ချုပ်စက်ရုံတစ်ရုံမှပြန်လာသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
















