သင့်မှာဆီးချိုရှိနေပြီလား။

သင့်မှာဆီးချိုရှိနေပြီလား။

အသံကြားတာနဲ့တင်လူတွေကြောက်တဲ့ရောဂါထဲမှာ ဆီးချို လည်းပါပါတယ်။လူတွေသိကြတာကဆီးချိုဖြစ်ရင်ထမင်းတွေမစားရတော့ဘူး။အချိုတွေရှောင်ရတော့မယ်။အခန့်မသင့်ရင်အနာတွေဖြစ်ပြီးခြေတွေလက်တွေပုပ်လို့ဖြတ်ရတော့မယ်စသဖြင့်ခေါင်းထဲကိုဝင်လာပါတယ်။

ဒါကြောင့်လည်းအမျိုးထဲကဒါမှမဟုတ်အသိထဲကတစ်ယောက်ယောက်ဆီးချိုရှိနေပြီလားဆိုရင်ကြောက်တတ်ကြပါတယ်။အဲ့တော့မှကောက်ခါငင်ခါဆီးချိုသွားဖောက်တတ်ကြပါတယ်။အဲ့ဒီမှာဘယ်နှခါဖောက်မှာလဲ၊ဘယ်အချိန်ဖောက်မှာလဲ၊ဘာအဖြေရရင်ဘာဖြစ်နေတာလဲဆိုပြီးရှိပါတယ်။ဆက်ကြည့်ရအောင်။

ဆီးချိုရှိမှန်းဘယ်လိုသိမလဲ။

ဆီးချိုရှိမရှိကိုဘယ်လိုသိမလဲဆိုရင် သွေးဖောက်စစ်မှပဲသိနိုင်ပါတယ်။လက်ထိပ်ဖောက်တာဖြစ်ချင်ဖြစ်မယ်။လက်မောင်းကသွေးဖောက်တာဖြစ်ချင်ဖြစ်မယ်။သေချာတာကသွေးစစ်မှပဲသိနိုင်တာပါ။အရပ်ထဲမှာပြောနေသလိုမျိုးဆီးပေါက်ပြီးထားထားလိုက်၊ပုရွတ်ဆိပ်တက်နေရင်ဆီးချိုရှိတယ်ခြေထောက်အနာမကျက်ဘူးလား၊ဒါဆီးချိုရှိနေလို့ဆိုတာမဟုတ်ပါဘူး။ဒါမတိကျပါဘူး။ဟုတ်ချင်လည်းဟုတ်မယ်။ဟုတ်ချင်မှလည်းဟုတ်မယ်။ဆီးချိုရှိမရှိအပြင်ကကြည့်ရုံနဲ့မသိပါဘူး။အကောင်းဆုံးနည်းကသွေးစစ်ကြည့်တာပါပဲ။

ဆီးချိုနဲ့သူ၏ကိန်းဂဏန်းများ

ADA လို့ခေါ်တဲ့ American Diabetic Association အမေရိကန်ဆီးချိုအဖွဲ့ကြီးကတော့ဒီလိုပြောပါတယ်။

ပုံမှန်လူ

၁။ အစာမရှိချိန်သွေးတွင်းသကြားဓာတ် < 100 mg/dL

သို့မဟုတ်

၂။သကြားရည်သောက်ပြီး၂နာရီအကြာသွေးတွင်းသကြားဓာတ် < 140 mg/dL

ဆီးချိုအကြိုအဆင့်

၁။ A1C 5.7- 6.4%

သို့မဟုတ်

၂။အစာမရှိချိန်သွေးတွင်းသကြားဓာတ် 100 125 mg/dL

သို့မဟုတ်

၃။သကြားရည်သောက်ပြီး၂နာရီအကြာသွေးတွင်းသကြားဓာတ် 140 199 mg/dL

ဆီးချိုရောဂါရှိသူ

၁။ A1C > 6.5%

သို့မဟုတ်

၂။အစာမရှိချိန်သွေးတွင်းသကြားဓာတ်>126 mg/dL

သို့မဟုတ်

၃။သကြားရည်သောက်ပြီး၂နာရီအကြာသွေးတွင်းသကြားဓာတ်>200 mg/dL

သို့မဟုတ်

၄။ ဆီးချိုလက္ခဏာတွေလည်းရှိတယ်။ဒီတိုင်းသွေးတွင်းသကြားဓာတ်ကိုစစ်ကြည့်လိုက်တော့လည်း >200 mg/dLရှိနေတယ်။

ဒီနေရာမှာတချို့စကားတွေကိုနည်းနည်းပြန်ရှင်းပြပေးပါ့မယ်။

  • အစာမရှိချိန်ဆိုတာအစာနဲ့အနည်းဆုံး၈နာရီခြားပြီးစစ်တာပါ။ဘာမှမစားရပါဘူး။ရေတော့သောက်လို့ရပါတယ်။ဥပမာပြောရရင်ည၁၀နာရီနောက်ဆုံးစားထားတယ်။မနက်၆နာရီကျတော့ဖောက်လိုက်တယ်။ဒါမျိုးကိုပြောတာပါ။
  • သကြားရည်သောက်ပြီးဆိုတာကအိမ်မှာရှိတဲ့သကြားကိုအဆင်ပြေသလိုဖျော်သောက်ပြီးစစ်တာမဟုတ်ပါဘူး။သကြား၇၅ဂရမ်ကိုဖျော်သောက်ပြီး၂နာရီကြာရင်သွေးဖောက်စစ်တာကိုပြောတာပါ။
  • A1C ဆိုတာ HbA1C ကိုပြောတာပါ။ဆီးချိုသက်ရင့်တဲ့သူဆိုသိပါတယ်။သူကခုချက်ချင်းစားတဲ့သွေးတွင်းသကြားဓာတ်ကိုပြောတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့၃လလောက်ကရှိတဲ့ကိုယ့်ရဲ့သကြားဓာတ်ကိုစစ်ဆေးတာပါ။ဆီးချိုထိန်းနိုင်မထိန်းနိုင်ကိုဒီဂဏန်းနဲ့ပဲကြည့်တာပါ။
  • ဆီးချိုလက္ခဏာရှိတယ်ဆိုတာအားလုံးသိပါတယ်။ရေခဏခဏဆာတာ၊ဆီးခဏခဏသွားချင်တာ၊ပိန်သွားတာ၊အစားတွေအရမ်းစားချင်တာ၊မျက်လုံးတွေဝါးလာတာစတာတွေပဲဖြစ်ပါတယ်။
  • ဒီတိုင်းစစ်တဲ့သကြားဓာတ်ဆိုတာကဘယ်အချိန်စစ်စစ်စစ်လို့ရတယ်လို့ပြောချင်တာပါ။အစားမစားဘဲနေစရာမလိုသလို၊စားပြီး၂နာရီခြားစရာလည်းမလိုပါဘူး။
  • ဆီးချိုရောဂါအကြိုအဆင့်ဆိုတာဆီးချိုဖြစ်တော့မယ်လို့ပြောချင်တာပါ။ဒီအခြေအနေမှာကိုယ့်ဟာကိုယ်အစားအသောက်ထိန်းစား၊လေ့ကျင့်ခန်းလုပ်၊ ဝိတ်လျှော့မယ်ဆိုရင်ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။မဟုတ်ရင်တော့ဆီးချိုဖြစ်သွားမယ်လို့ပြောချင်တာပါ။
  • သို့မဟုတ်လို့ပြောထားတဲ့အတွက်ကြိုက်တာတစ်မျိုးစစ်ရင်ရပါပြီ။

ဘယ်သူတွေဆီးချိုစစ်သင့်သလဲ။

အသက်၄၅နှစ်ကျော်တဲ့သူတိုင်းစစ်သင့်တယ်လို့အကြံပြုထားပါတယ်။အနည်းဆုံးတစ်နှစ်တစ်ခါတော့စစ်သင့်ပါတယ်။

  • သတိထားပြီးစစ်သင့်တဲ့သူတွေကတော့

အဝလွန်တဲ့သူတွေ (BMI 25ကျော်တဲ့သူတွေ)

( BMIကို ဤနေရာတွင်တွက်ချက်နိုင်ပါသည်။)

-လှုပ်ရှားမှုမရှိအထိုင်များတဲ့သူတွေ

-အမျိုးထဲမှာဆီးချိုရှိတဲ့သူတွေ

​-ကိုယ်ဝန်ဆောင်တုန်းကဆီးချိုရှိတဲ့သူတွေ

သွေးတိုး ရှိတဲ့သူတွေ

-သွေးတွင်းအဆီဓာတ်များတဲ့သူတွေ

-သားဥအိမ်မှာအရည်အိတ်အများကြီးတည်တဲ့ရောဂါရှိသူ (polycystic ovarian syndrome)

လေဖြတ်ဖူးတဲ့သူတွေကတော့စစ်ထားတာကောင်းပါတယ်။

  • နောက်ပြီးခုနကသွေးစစ်လိုက်တော့ဆီးချိုရောဂါအကြိုအဆင့်ရှိတဲ့သူတွေပါ။သူတို့တွေလည်းနှစ်တိုင်းစစ်သင့်ပါတယ်။သူတို့တွေရဲ့၃ပုံ၁ပုံလောက်ကနောက်၅နှစ်အတွင်းမှာဆီးချိုရောဂါဖြစ်သွားကြပါတယ်။
  • နောက်ဆုံးကတော့ကိုယ်ဝန်ဆောင်တွေပါ။ဖြစ်နိုင်ချေပေါ်မူတည်ပြီးလိုအပ်ရင်စစ်ဆေးရပါမယ်။

ပုံမှန်ဘယ်လိုစစ်ဆေးကြမလဲ။

ဆီးချိုကတစ်ခါစစ်ပြီးပြီးသွားတာမဟုတ်ပါဘူး။ဆီးချိုရှိပြီဆိုတာသိတာနဲ့တစ်သက်လုံးကုရတော့မှာပါ။ပျောက်တာလဲမဟုတ်ဘဲနဲ့ဘာလို့ကုနေတာလဲလို့မေးရင်နောက်ဆက်တွဲတွေဖြစ်မှာစိုးလို့ပါ။ နောက်ဆက်တွဲတွေကသိတဲ့အတိုင်းမျက်စိကွယ်တာ၊လေဖြတ်တာ၊အနာမကျက်တာ၊ပိုးဝင်ပြီးခြေထောက်ဖြတ်ရတာ၊ကျောက်ကပ်ထိတာစတာတွေဖြစ်ပြီးအသက်အန္တရာယ်ထိမှာစိုးလို့ကုရတာပါ။

ကုလည်းကုရသလိုတစ်ဖက်ကလည်းဆီးချိုကောင်းကောင်းထိန်းနိုင်လားဆိုပြီးစစ်ရပါတယ်။စစ်တာတွေကတော့အများကြီးပေါ့။အဓိကစစ်ရမယ့် A1Cနဲ့လက်ထိပ်ဖောက်ပြီးစစ်တာကိုပြောပြပေးပါ့မယ်။

A1C

  • ဆေးပြောင်းထားတယ်၊ဆေးအတိုးအလျော့လုပ်ထားတယ်။အရင်ကစစ်တာအဖြေမကောင်းဘူးဆိုတဲ့သူတွေကတော့၃လတစ်ခါစစ်ရမှာပါ။
  • အဖြေကောင်းတယ်။ဆီးချိုလည်းထိန်းထားနိုင်တယ်ဆိုရင်တော့၆လတစ်ခါပဲစစ်ရပါမယ်။

အဖြေကောင်းတယ်ဆိုတာ၇အောက်ရောက်တာကိုပြောတာပါ။တော်တော်များများလူနာတွေအတွက် A1C ၇အောက်ကကောင်းတယ်လို့ပြောလို့ရပါတယ်။ဖြစ်တာလည်းမကြာသေးဘူး၊တခြားရောဂါတွေလည်းရှိမနေဘူးဆိုရင်၆.၅အောက်ထိချထားနိုင်တာပိုကောင်းပါတယ်။

လက်ထိပ်ဖောက်စစ်ဆေးခြင်း

လက်ထိပ်ဖောက်စစ်ဆေးတာမှာအသုံးများတာကတော့ဘာမှမစားခင်စစ်တာနဲ့စားပြီး၂နာရီခြားစစ်တာပါ။

  • ဘာမှမစားခင်စစ်လိုက်ရင် 70-130 mg/dL (3.9-7.2 mmol / L) ရှိရပါမယ်။

(ဘာမှမစားခင်ဆိုတာအစာနဲ့၈နာရီခြားထားတာကိုပြောတာပါ။မနက်ဘာမှမစားခင်ဖောက်ကြတာများပါတယ်။)

  • စားပြီး၂နာရီစစ်လိုက်ရင်တော့<180mg/dL (<10 mmol /L) ရှိရမှာပါ။ အစာစားပြီး၂နာရီခြားနေရင်စစ်ရမှာပါ။၂နာရီကျော်သွားလို့ရတဲ့အဖြေကိုသုံးလို့မရပါဘူး။

လက်ထိပ်ဖောက်စစ်တာကဘယ်သူစစ်ခိုင်းခိုင်းမခိုင်းခိုင်းကိုယ့်အသိစိတ်ဓာတ်ကိုစစ်ရမှာပါ။ဖောက်စစ်ပြီးစာအုပ်ထဲမှာသေချာမှတ်ထားရမှာပါ။

A1Cကလွန်ခဲ့တဲ့၃လဟာကိုစစ်တယ်ဆိုပေမယ့်လက်ထိပ်ဖောက်တာကတော့တစ်နေ့စာကိုစစ်တာပါ။ခုဆိုရင်မစားခင်ဘယ်လောက်ရှိရမယ်၊စားပြီးဘယ်လောက်ရှိမလဲဆိုတာသိနေပြီပဲ။ကိုယ့်အဖြေပေါ်မူတည်ပြီးများရင်များသလိုအစားအသောက်ဆင်ခြင်ရမှာပါ။ဒါကြောင့်ဖောက်ဖြစ်အောင်ဖောက်ပါ။

ဒီလောက်ဆိုရင်ဆီးချိုစစ်ရင်ဘာကိုစစ်ရမှာလဲ။ဘယ်သူတွေစစ်သင့်လဲ။ဘယ်လောက်ရရင်ကောင်းလဲဆိုတာသိလောက်ပါပြီ။ဆီးချိုထိန်းတဲ့နေရာမှာလူနာရဲ့ပါဝင်မှုကအရေးကြီးပါတယ်။ဆရာဝန်ကအကြံပဲပေးနိုင်တာပါ။လူနာကတကယ်လိုက်လုပ်မှပဲဆီးချိုကိုကောင်းကောင်းထိန်းနိုင်တာပါ။

(အထက်ပါကိနိးဂဏန်းများသည်ADAမှစံသတ်မှတ်ချက်များဖြစ်သည်။တစ်နိုင်ငံနှင့်တစ်နိုင်ငံစံသတ်မှတ်ပေါ်မူတည်၍ကိန်းဂဏန်းများအပြောင်းအလဲရှိနိုင်သည်။)

 



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021