မုဒုံမြို့တွင် ရထားနှင့် ဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်စီးနင်းသူ သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက မတ် ၁၃ ရက် (ယနေ့) အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်မုဒုံမြို့နယ်၊ မုဒုံ-မော်လမြိုင် အဝေးပြေးလမ်းမကြီး နံဘေး ကွေ့ဝမ်းကျေးရွာအုပ်စု ကော့ခိုက်ကျေးရွာ ရထားအဝင်လမ်း ရထားလမ်းကူးတွင် ဆိုင်ကယ်နှင့် ရထားတိုက်မိမှု ဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ကော့ခိုက်ကျေးရွာနေ သန်းဇော်ဦး (၂၆ နှစ်)မှာ ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး စုံစမ်းချက်အရ ရေးဘက်မှမော်လမြိုင်ဘက်သို့ ခုတ်မောင်းလာသည့် အစုန်ရထား DD-924 ဖြင့် ကော့ခိုက်ကျေးရွာ (ဗမာစု) အတွင်းမှ ကားလမ်းမပေါ်သို့ ဆိုက်ကယ်ဖြင့် တက်လာသည့် ကိုသန်းဇော်ဦးက အရှိန်မထိန်းနိုင်ပဲ ရထားကို ဝင်တိုက်မိခဲ့ကာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ အလောင်းကို မုဒုံဆေးရုံ ရင်ခွဲရုံသို့ စေတနာ့အလင်းရောင် နာရေးကူညီမှုကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး မုဒုံမြို့မရဲစခန်းက မီးရထားအက်ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

















