ရီးရဲလ်မက်ဒရစ် ဘတ်စကတ်ဘော ကစားသမားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပြီးနောက် အကျိူးဆက်အနေဖြင့် စပိန် လာလီဂါပြိုင်ပွဲကို အနိမ့်ဆုံးနှစ်ပတ်ရပ်နား သွားမည်ဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
ရီးရဲလ်မက်ဒရစ် ဘတ်စကတ်ဘောသမားမှာ အသင်း၏ ဗယ်ဒီဘီဘတ်စ်လေ့ကျင့်ရေးကွင်းတွင် ဘောလုံးသမားများနှင့် လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများကိုအတူတကွ အသုံးပြုခဲ့သူဖြစ်ပြီး ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ခဲ့သည်။
ဗယ်ဒီဘီဘတ်စ်လေ့ကျင့်ရေးကွင်းတွင် မည်သည့်လှုပ်ရှားမှုမျိူးမဆို မပြုလုပ်ရန်ရီးရဲလ်မက်ဒရစ်အသင်းက ချက်ချင်းတားမြစ်လိုက်သည်။
ဘတ်စကတ်ဘောသမားတစ်ဦးရောဂါဖြစ်နေကြောင်းကို ရီးရဲလ်မက်ဒရစ်ကအသိပေးခဲ့ပြီးနောက် မရှေးမနှောင်း၌ပင် လာလီဂါပြိုင်ပွဲကို နှစ်ပတ်ရပ်နားမည်ဟု ပြိုင်ပွဲတာဝန်ရှိသူများက ကြေညာခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ်သည် ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်ဒုတိယအကျော့အဖြစ် မန်စီးတီးနှင့်ကစားရမည်ဖြစ်ရာ အဆိုပါပွဲကိုလည်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေ၍ ပွဲရွှေ့ဆိုင်းရန် ဦးတည်နေသည်။ ဘတ်စကတ်ဘောသမား၌ ရောဂါတွေ့ရှိပြီးနောက် လက်ရှိတွင် ရီးရဲလ်မက်ဒရစ်ကစားသမားများကိုလည်းသီးသန့်ထားရှိကာ စောင့်ကြည့်နေရကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်ဘောလုံးသမားများထဲတွင်မူ ရောဂါကူးစက်ခံရမှု အခြေအနေကို ကွဲကွဲပြားပြား မသိရသေးပေ။
ရီးရဲလ်မက်ဒရစ်ကစားသမားများသည် မတ်၁၂ ရက် နံနက်ပိုင်းက အသင်းလေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့ရာ လေ့ကျင့်ရေးပစ္စည်းများကိုအသုံးမပြုခဲ့ဘဲ ရှောင်ရှားခဲ့ကြသည်။ လာလီဂါတာဝန်ရှိသူများသည် မူလက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်စိုးရိမ်ရ၍ ပွဲများကို တံခါးပိတ်ကစားရန်တွေးဆခဲ့သော်လည်း အစည်းအဝေးပြုလုပ်ပြီးနောက် လာလီဂါအပြင် စပိန်ဒုတိယတန်းကို လည်း နှစ်ပတ်နားရန်ဆုံးဖြတ်ခဲ့ကြသည်။
အီတလီ၌လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအလျင်အမြန်တိုးပွားနေရာ စီးရီးအေပြိုင်ပွဲအပါအဝင် အားကစားပွဲများကို လာမည့် ဧပြီ၃ရက်နေ့ ထိတိုင်အောင်ရွှေ့ဆိုင်းထားသည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်နေသော ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။















