တရုတ်ဗိုင်းရပ်စ်ပိုး အဓိကကူးစက်ရာ ပြည်နယ်တွင် စက်ရုံများပြန်ဖွင့်

တရုတ်ဗိုင်းရပ်စ်ပိုး အဓိကကူးစက်ရာ ပြည်နယ်တွင် စက်ရုံများပြန်ဖွင့်

ပေကျင်း - တရုတ်ပြည်၏ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပြန့်ပွားခဲ့ရာပြည်နယ်တွင် စက်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး အခြားစီးပွားရေး လုပ်ငန်းအချို့မှာလည်း နိုင်ငံ့စီးပွားရေးကို အကြီးအကျယ်ထိခိုက် ပျက်စီးစေခဲ့သော အဆိုပါရောဂါဆိုးကြီးကို တရုတ်အစိုးရက ထိန်းချုပ်နိုင်မည်ဆိုသည့် ယုံကြည်ချက်ကို ဖော်ပြခြင်းအဖြစ် ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။

တရုတ်ပြည်၏ ကွန်မြူနစ်ပါတီခေါင်းဆောင်များသည် ရောဂါထိိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီးနောက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရန် ဆက်လက်ဆောင်ရွက်နေရသည်။

မတ် ၁ဝ ရက်တွင် သမ္မတရှီကျင့်ဖျင်သည် ဒီဇင်ဘာအတွင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရောဂါကူးစက်မှု စတင်ဖြစ်ပွားခဲ့သော ဝူဟန်မြို့သို့ သွားရောက်လည်ပတ်ခဲ့ရာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအစိုးရများက အဆိုပါရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် တင်းတင်းကျပ်ကျပ် ကြိုးပမ်းနေရချိန်၌ တရုတ်နိုင်ငံက အဆိုပါအကျပ်အတည်းကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည့် သင်္ကေတပင် ဖြစ်ခဲ့သည်။

နိုင်ငံ၏ စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်ချက် သို့မဟုတ် လုပ်ငန်းများပြန်လည်စတင်နိုင်ရန် နေ့စဉ်လိုအပ်မှုများ ဖြည့်တင်းနိုင်ရေးတို့အတွက် ဝူဟန်ရှိ စက်မှုကွန်ထရိုးလုပ်ငန်းများ၊ စာနပ်ရိက္ခာထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။  တရုတ်နိုင်ငံ၏ အခြားဒေသများရှိ ရောဂါကူးစက်နိုင်ခြေနည်းပါးသည်ဟု ယူဆထားသော နယ်မြေများတွင်လည်း ထိန်းချုပ်မှုများကို လျှော့ပေးခဲ့သည်။ သို့ရာတွင် ခရီးသွားလာရေးနှင့် အခြားတားမြစ်မှုများကိုမူ ယခုအချိန်တိုင် ဆက်လက်ထားရှိသည်။ မော်တော်ကားထုတ်လုပ်သည့်စက်ရုံများနှင့် အခြားစက်မှုလုပ်ငန်းများမှာ အပိုပစ္စည်းများ ဖြည့်တင်းရေးတွင် အနှောင့်အယှက် အဟန့်အတားများရှိနေသဖြင့် အနည်းဆုံးဧပြီလလယ်အထိ ပုံမှန်အတိုင်းထုတ်လုပ်ရေးကို ပြန်လည်စတင်နိုင်ဦးမည် မဟုတ်သေးကြောင်း မျှော်မှန်းထားသည်။

တင်စိန် ဘာသာပြန်သည်။