အာဆင်နယ်နည်းပြ အာတီတာ COVID-19 ကူးစက်ခံထားရ

အာဆင်နယ်နည်းပြ အာတီတာ COVID-19 ကူးစက်ခံထားရ

ဗြိတိန်၌ COVID-19 ဖြစ်ပွားသူဦးရေ အလျင်အမြန် တိုးပွားနေရာ ဘောလုံးသမားများပါ ကူးစက်ခံရပြီးနောက် လန်ဒန်ကလပ် အာဆင်နယ်နည်းပြ အာတီတာ၌လည်းCOVID-19 ကူးစက်ခံထားရကြောင်း အာဆင်နယ်အသင်း က ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၃၇ နှစ်အရွယ် နည်းပြအာတီတာ၌ COVID-19 ဖြစ်နေကြောင်း တွေ့ရှိ ရပြီးနောက် ၎င်းနှင့်ထိတွေ့ခဲ့သည့်လူများကိုလည်း စောင့်ကြည့်နေရသည်။ အာတီတာမှာမူ လက်ရှိအချိန်တွင် တစ်ဦး တည်းသီးသန့်နေထိုင်နေရပြီး ဆေးဝါးကုသမှုများခံယူနေ ရသည်။ အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်း လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စပိန်သားအာတီတာက COVID-19 ကူးစက်ခံထားရ ခြင်းမှာ အလွန်ပင်စိတ်ပျက်စရာ ကောင်းကြောင်း၊ နေထိုင် မကောင်းဖြစ်၍ ဆေးစစ်ခဲ့ရာ ရောဂါကူးစက်ခံထားရသည်ကို သိလိုက်ရကြောင်း ပြောကြားခဲ့သည်။ နည်းပြအာတီတာ၌ COVID-19 ဖြစ်ပွားနေရာ အကျိုးဆက်အနေဖြင့် ယနေ့ ညယှဉ်ပြိုင်ကစားမည့် ဘရိုက်တန်နှင့် အာဆင်နယ်တို့၏ ပရီးမီးယားလိဂ် ပွဲစဉ် ၃ဝ ကိုလည်း ရွှေ့ဆိုင်းခဲ့သည်။ အာတီတာအနေဖြင့် အမြန်ဆုံး ရောဂါပျောက်ကင်းရန် မန်စီးတီးအသင်းနှင့် ဘရိုက်တန်တို့က ဆုတောင်းပေးခဲ့ ကြသည်။

မန်စီးတီးအသင်းရှိ လူများအားလုံးမှာ အာတီတာ အမြန်ဆုံးသက်သာပျောက်ကင်းရန် ဆုတောင်းပေးကြောင်း မန်စီးတီးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဘရိုက်တန် အသင်းအမှုဆောင် အရာရှိချုပ် ပေါလ်ဘာဘာက အာတီတာ အမြန်ဆုံးပြန်ကောင်းရန် ဆုတောင်းပေးခဲ့သည်။

ဆက်စပ်သတင်းများအရ မန်စီးတီးနောက်ခံလူ မန်ဒီကို လည်း သီးသန့်ထားရှိကာ စောင့်ကြည့်နေရသည်။ မန်ဒီ၏မိသားစုဝင်တစ်ဦးမှာ COVID-19 ကြောင့် ဆေးရုံ တက်နေရသည်။ လက်စတာ ကစားသမားသုံးဦး၌လည်း COVID-19 လက္ခဏာများတွေ့ရ၍ သီးသန့်ထားရှိကာ စောင့်ကြည့်နေရသည်။

 



ဖတ်ရှုမှုအများဆုံး