မန်ယူအသင်းသည် မတ်လ ၁၂ ရက်က ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပထမအကျော့အဖြစ် သြစတြီးယား၌ LASK နှင့် ယှဉ်ပြိုင်ခဲ့ရာ တိုက်စစ် အစွမ်းပြခဲ့ပြီး ငါးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်စိုးရိမ်ရ၍ LASK နှင့် မန်ယူတို့၏ပွဲကို ပရိသတ်မပါဘဲ ကစားခဲ့ခြင်းဖြစ်ပြီး မန်ယူမှာ ပထမပိုင်း၌ပင် အီဂါလို၏ဂိုးဖြင့် တစ်ဂိုး ဂိုးမရှိ ဦးဆောင်ခဲ့သည်။
တိုက်စစ်မှူး အီဂါလိုသည် ပွဲချိန် ၂၈ မိနစ်၌ ဖာနန်ဒက်စ်၏ဘောလုံး ပေးပို့မှုမှတစ်ဆင့် ပင်နယ်တီဂိုးဧရိယာ ထိပ်မှ လှလှပပကန်သွင်းပေးခဲ့သည်။ မန်ယူသည် ဒုတိယပိုင်း၌ ဂိုးများထပ်ရ ခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်၊ မာတာ၊ ဂရင်းဝုဒ် နှင့် ပါရီယာတို့က ဂိုးများသွင်းယူခဲ့ခြင်း ဖြစ်သည်။
ပထမအကျော့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ရာ မန်ယူနည်းပြဆိုးလ်ရှားက အသင်းကစား ပုံကို အားရကျေနပ်ခဲ့သည်။ ၁၁ ပွဲဆက် တိုက် ရှုံးပွဲမရှိခဲ့ခြင်းမှာ ကျေနပ်စရာကောင်းဟု နည်းပြဆိုးလ်ရှားက ပြောကြားခဲ့သည်။ ဆက်လက်၍ ဆိုးလ်ရှားက ပေါ့ဘာမှာ အသင်းနှင့် နှစ်နှစ်သက်တမ်း စာချုပ်ကျန်ရှိနေပြီး ရာသီသစ်၌လည်း ဆက်ရှိနေမည်ဟု အသိပေးခဲ့သည်။















