အဲဗာတန်၊ ဘုန်းမောက်နှင့် ဝက် ဖို့ဒ်အသင်း ကစားသမားများ၌ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ တွေ့ရှိ နေကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။
အဲဗာတန် ပထမအသင်း ကစားသမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိခံနေရပြီး လက်ရှိတွင် ပထမ အသင်း ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များကို သီးခြား စောင့်ကြည့် နေရသည်။ အဲဗာတန်သည် အသင်း လေ့ကျင့်ရေးကွင်း ဂွတ်ဒီဆင်ပါ့ခ်ကို လည်း ပိတ်ထားခဲ့သည်။
ဘုန်းမောက် ဂိုးသမားဖြစ်သူ ဘိုရက်နှင့် အသင်းရှိ ဝန်ထမ်းလေးဦး ၌လည်း ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ တွေ့ရှိထားကြောင်း ဘုန်းမောက် အသင်းက အတည်ပြုခဲ့သည်။ ကိုရိုနာ လက္ခဏာများ တွေ့ရှိခဲ့ပြီးနောက် ဘိုရက်နှင့် ဝန်ထမ်းလေးဦးကို သီးခြား စောင့်ကြည့်နေရသည်။
ဝက်ဖို့ဒ်အသင်း ကစားသမားများမှာလည်း နေထိုင် မကောင်းဖြစ်နေရာ ကစားသမားတစ် ဦး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိကို အဖြေစောင့်ဆိုင်းနေရကြောင်း နည်းပြ ပီယာဆန်က အတည်ပြုခဲ့သည်။ ဝက် ဖို့ဒ်သည် ကြာသပတေးနေ့က အသင်း လေ့ကျင့်ခန်း အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူအီး အက်ဖ်အေသည် လာမည့်အပတ် ကစားမည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ် ပြန်ခဲ့ပြီး မတ်လ ၂ဝ ရက်၌ ပြုလုပ်မည့် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲကိုလည်း ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ အီးအက်ဖ်အယ်လ်၊ ဘာကလေအက်ဖ် အေ အမျိုးသမီး စူပါလိဂ်နှင့် အက်ဖ်အေ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ များကို လာမည့် ဧပြီ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း အင်္ဂလန် ဘော လုံးလိဂ် အဖွဲ့ချုပ်က ကြေညာခဲ့သည်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်ရသော ကြောင့် ပြင်သစ်လီဂူး–၁ နှင့် လီဂူး–၂ ပွဲစဉ်များကို ရပ်နားထားရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။















