လာမည့်မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တည်ဆောက်မှုကို ယနေ့မတ် ၁၄ ရက်က ရပ်ဆိုင်းလိုက်ပြီး ဖျက်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မတ် ၁၃ ရက် သမ္မတရုံးထုတ်ပြန်ချက်တွင် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ ပွဲလမ်းသဘင်များ (မြန်မာရိုးရာသင်္ကြန်ပွဲအတွက် မဏ္ဍပ်ဆောက်လုပ်ကျင်းပခြင်းအပါအဝင်)မပြုလုပ်ကြရန်နှင့် ဧပြီ ၃၀ ရက်နေ့ထိ ကျင်းပခွင့်ရပ်ဆိုင်းထားကြောင်းပါရှိသည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းလိုက်သည်ဟု ဆိုသည်။
''စည်ပင်ရုံးထဲမှာ လုပ်ထားတဲ့ မြို့တော်သင်္ကြန်မဏ္ဍပ် ဖျက်သိမ်းနေတယ်။ သင်္ကြန်နဲ့ ပတ်သက်လို့ ငွေကြေးအကုန်အကျများတာတွေ မလုပ်သေးသလို သင်္ကြန်မဏ္ဍပ်က နှစ်စဉ်ဆောက်နေတာဖြစ်တော့ ပစ္စည်းတွေက အဆင်သင့် ရှိပြီးသားပါ။ကောက်ဆင်တဲ့ အဆင့်ပါ။အပြင်က ငှားရတဲ့ အလုပ်သမား စရိတ်လောက်ပဲ ကုန်သေးတယ်”ဟု ၎င်းက ပြောသည်။
သင်္ကြန်ပွဲတော်အတွက် မြို့တော်စည်ပင်သာယာမှ ပြင်ဆင်ရာ၌ ငွေကြေးစိုက်ထုတ်အကုန်အကျများမည့် ကိစ္စများကို ဆောင်ရွက်ထားခြင်းမရှိသေးသဖြင့် ကုန်ကျစရိတ်မရှိသလောက်နည်းပါးကြောင်း၊ မြို့တော်စည်ပင် သင်္ကြန်ပွဲပြု လုပ်မည်ဆိုလျှင်လည်း လူစုလူဝေးပုံစံဖြင့် ဆောင်ရွက်ခြင်း ပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။
“သင်္ကြန်ဝတ်စုံဝယ်ယူတာလည်း ခပ်ဆိုင်းဆိုင်းလုပ်ထားလို့ အကုန်အကျမရှိသေးဘူး။ကုန်ကျစရိတ်ရှိမယ့် ကိစ္စဆိုရင် ဖြေးဖြေးစီစဉ်တာမို့ ကုန်ကျစရိတ်သိပ်မရှိဘဲ ဖျက်သိမ်းလိုက်တာပါ။ ကိုယ့်ရိုးရာဓလေ့အရ လူစုလူဝေးနဲ့မဟုတ်ဘဲ ကိုယ့်အိမ်ရှေ့မှာ မိသားစုရေကစားတာ ရှိနိုင်ပါတယ်။လုပ်ပါ/မလုပ်ပါနဲ့ ဆိုတာကို ကျွန်တော်တို့ပြောရမှာ မဟုတ်ပါဘူး။ ကျန်းမာရေးအသိရှိဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရေကစားသူအများဆုံးဖြစ်သည့် မန္တလေးကျုံးဘေးပတ်လည် ရေကစားခြင်းကိုလည်း တိုင်းအစိုးရမှ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနညွန်ကြားချက်အတိုင်း ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်၍ စည်ပင်သာယာအနေဖြင့် ပြောဆိုရန် ခက်ခဲသည်ဟု ၎င်းက ဆိုသည်။
















