ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်နေ သော ကူးစက်မြန် COVID-19 ဖြစ် ပွားမှုနှုန်းမြင့်တက်နေသည့်အချိန် ဥရောပတစ်လွှားရှိ ထိပ်တန်းလိဂ် ပြိုင်ပွဲများမကစားတော့ဘဲ ရွှေ့ဆိုင်းထားသော်လည်း ကမ္ဘာ့နိုင်ငံအချို့၌ ဘောလုံးပြိုင်ပွဲများ မဖျက်သိမ်းဘဲ ကစားနေဆဲဖြစ်ကြောင်း သိရသည်။
ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်သည့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူးပြိုင်ပွဲ များမှာ COVID-19 ကြောင့် ရွှေ့ဆိုင်း ခဲ့ရပြီးဖြစ်သည်။
တောင်အမေရိကတိုက်၌ ဘရာဇီး နိုင်ငံတွင် ဘောလုံးပြိုင်ပွဲများကို မတ် ၁၆ ရက်မှစတင်၍ရွှေ့ဆိုင်းခဲ့သည်။ ဘရာဇီးအပြင် မက္ကဆီကိုနိုင်ငံ၌လည်း COVID-19 ကြောင့်ပင် ဘောလုံးပွဲ များရွှေ့ဆိုင်းထားသည်။ COVID-19 ဖြစ်နေသော်လည်း ဘောလုံးပွဲများ မရပ်နားဘဲ ဆက်လက်ကျင်းပနေသော နိုင်ငံများမှာ ရုရှား၊ ဘီလာရုစ်၊ တူရကီ၊ ဟန်ဂေရီ၊ ဆားဘီးယားနှင့် ယူကရိန်း နိုင်ငံတို့ဖြစ်ကြသည်။
ရုရှားပရီးမီးယားလိဂ်ကို ဇင်းနစ် အသင်းကဦးဆောင်လျက်ရှိပြီး ဇင်းနစ် မှာ မတ် ၁၄ ရက်က ယူရယ်နှင့်ယှဉ် ပြိုင်ခဲ့ရာ ခုနစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ တူရကီစူပါလိဂ်ကို ဦးဆောင် နေသော ထရက်ဇွန်စပေါသည် မတ် ၁၅ ရက်က ဘာဆတ်ဆီဟာအသင်း နှင့်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ ကြောင်း သိရသည်။ မတ် ၁၅ ရက်၌ပင် ဂါလာတာစာရေးနှင့် ဘီဆစ်တပ် အသင်းတို့ ဂိုးမရှိသရေကစားခဲ့သည်။
အမေရိကန်နိုင်ငံ အပါအဝင် ကိုလံဘီယာနှင့် ဥရုဂွေး၌ ဘောလုံး ပွဲများ ရွှေ့ဆိုင်းထားပြီးဖြစ်သည်။ COVID-19 ကြောင့် ယခုလအတွင်း ကစားရန်စီစဉ်ထားသော ၂ဝ၂၁ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။















