ပေါ်တူဂီနှင့် ဂျူဗင်တပ်စ်တိုက် စစ်မှူး စီရိုနယ်ဒိုက ၎င်းပိုင်ဆိုင်ထား သော လစ္စဘွန်းရှိ ဟိုတယ်နှစ်ခုအနက် Pestana CR7 ကို COVID-19 ကူးစက်ခံရသောလူနာများကုသရန် ဆေးရုံအဖြစ်အသွင် ပြောင်းမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ဟိုတယ်မှ ပြောရေးဆို ခွင့်ရှိသူက ထွက်ပေါ်နေသောသတင်းများကို ပြန်လည်ငြင်းဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်း၌ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သေးဘဲ ကူးစက်မှုလျင်မြန်နေရာ နယ်ပယ် အလိုက် ဆိုးကျိုးများဖြစ်ပေါ်နေပြီး ဘောလုံးလောကသို့လည်း ရိုက်ခတ် မှုများရှိနေသည်။
စီရိုနယ်ဒိုသည် ၎င်း၏ဟိုတယ်ကို ဆေးရုံအဖြစ် အသွင်ပြောင်းမည်ဖြစ်ပြီး ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း အိတ်စိုက်၍ လစာပေးချေသွားမည်ဖြစ်ကာ COVID-19 လူနာများကိုလည်း အခမဲ့ကုသပေးမည်ဟု စပိန်သတင်းစာ မာကာက ရေးသားခဲ့သည်။ မာကာကဖော်ပြခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းရှိဘောလုံးပရိသတ်များက စီရိုနယ်ဒို၏လုပ်ရပ်မှာ မွန်မြတ်ကြောင်း ဝိုင်းဝန်းချီးကျူးခဲ့ကြသည်။ သို့သော် မာကာ၏သတင်းဖော်ပြမှုမှာ ကောလာဟလ သတင်းသာ ဖြစ်ခဲ့သည်။
ဟိုတယ်မှ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ ဟိုတယ်မှာအပြင်၌ သတင်းများ ထွက်ပေါ်နေသလို ဆေးရုံမဟုတ်ကြောင်း နယ်သာလန်မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။ ပေါ်တူဂီ၌ COVID-19 ကူးစက်သူ ၂ဝဝ ကျော်ရှိနေသည်။















