ဘရူနိုင်းတွင် COVID-19 ကူးစက်သူ ၅၀ ရှိလာသဖြင့် ပြည်ပထွက်ခွင့်များပိတ်

ဘရူနိုင်းတွင် COVID-19 ကူးစက်သူ ၅၀ ရှိလာသဖြင့် ပြည်ပထွက်ခွင့်များပိတ်

ဘရူနိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုများ မြင့်တက်လာသဖြင့် နိုင်ငံသားများသာမက အခြားနိုင်သားများကိုပါ ပြည်ပသို့ ထွက်ခွာခွင့် ပိတ်ပင်လိုက်ကြောင်း အစိုးရက မတ် ၁၅ ရက်တွင် ကြေညာသည်။
 

COVID-19 ထပ်မံကူးစက်ခံရသူ ၁၀ ဦး ဖော်ထုတ်တွေ့ရှိထားပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၀ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။ အိမ်နီးချင်း မလေးရှားတွင်လည်း မတ် ၁၅ ရက်က ထပ်မံကူးစက်သူ ၁၉၀ တွေ့ရှိခဲ့ပြီး စုစုပေါင်း ၄၂၈ ဦး ရှိသွားပြီ ဖြစ်သည်။

မလေးရှားတွင် ကူးစက်မှု ၂၄၀ သည် နိုင်ငံတကာမှ လာရောက်သူများအပါအဝင် လူ ၁၆၀ဝ၀ ကျော်တက်ရောက်သော ဘာသာရေးအခမ်းအနားတစ်ခုမှ ကူးစက်ခြင်းဖြစ်ပြီး ထိုအထဲတွင် ဘရူနိုင်းမှ သွားရောက်သူများလည်း ပါဝင်သည်။

မတ် ၁၅ ရက်အထိ ဘရူနိုင်းတွင် ကူးစက်မှု ၅၀ အနက် ၄၅ မှုသည် မလေးရှား မြို့တော် ကွာလာလမ်ပူအနီး ဗလီတစ်ခု၌ ကျင်းပခဲ့သည့် အထက်ပါ ဘာသာရေးအခမ်းအနားနှင့် ဆက်စပ်နေသည်။

ကမ္ဘောဒီးယားနိုင်ငံတွင်လည်း မတ် ၁၅ ရက်၌ COVID-19 ကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိခဲ့ပြီး နှစ်ဦးသည် မလေးရှားနိုင်ငံတွင် ကျင်းပသော ဘာသာရေးအခမ်းအနားတစ်ခုသို့ တက်ရောက်ရင်း ကူးစက်ခဲ့ခြင်းဖြစ်ကာ၊ ကျန်နှစ်ဦးမှာ ပြင်သစ်နိုင်ငံသား ဖခင်နှင့် လေးလသား ကလေးငယ်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသားသည် ပါရီမှ စင်ကာပူ၊ စင်ကာပူမှ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်သို့ ရောက်ရှိလာသူဖြစ်ပြီး လေးလသား ကလေးငယ်တွင်လည်း COVID-19 တွေ့ရှိရကာ ထိုသူ၏ ဇနီးဖြစ်သူ၌မူ COVID-19 မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကမ္ဘောဒီးယားတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၂ ဦး ရှိသွားပြီဖြစ်သည်။ နိုင်ငံသားများ ဥရောပ၊ အမေရိကန်နှင့် အီရန်သို့ မသွားရန် ဝန်ကြီးချုပ် ဟွန်ဆန်က သတိပေး နှိုးဆော်ထားသည်။ အထက်ပါနိုင်ငံများမှ ပြန်လာသူတိုင်းကို ၁၄ ရက် သီးခြားထားရှိ စောင့်ကြည့်မည်ဟုလည်း အစိုးရက ကြေညာထားသည်။