တောင်ကိုရီးယား၌ COVID-19 ကူးစက်ခံရသူသစ် ၇၄ ဦးရှိ၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၁၃၇ ဦးရှိနေပြီဖြစ်

တောင်ကိုရီးယား၌ COVID-19 ကူးစက်ခံရသူသစ် ၇၄ ဦးရှိ၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၁၃၇ ဦးရှိနေပြီဖြစ်

တောင်ကိုရီးယားနိုင်ငံ၌ မတ် ၁၆ ရက်တွင် COVID-19 ကူးစက်ခံရသူသစ် ၇၄ ဦးရှိခဲ့သောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်ခံထားရသူ ၈၂၃၆ ဦးရှိသွားပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KCDC) က ထုတ်ပြန်ခဲ့သည်။
 

မတ် ၁၆ ရက်တွင် COVID-19 ကူးစက်ခံထားရသူ ၃၀၃ ဦး ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း KCDC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုအချိန်အထိ ပြန်လည်ကျန်းမာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ ၁၁၃၇ ဦးရှိသွားပြီဖြစ်သည်။

တောင်ကိုရီးယား၌ မကြာသေးမီရက်များအတွင်း COVID-19 ကူးစက်ခံရသူသစ် သိသာထင်ရှားစွာကျဆင်းလာခဲ့သည်။ တောင်ကိုရီးယား၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် COVID-19 ကူးစက်ခံရသူသစ် ၉၀၉ ဦးရှိသည်အထိ အမြင့်ဆုံးထိုးတက်သွားခဲ့ပြီး မတ် ၁၅ ရက်တွင် ၇၆ ဦးရှိခဲ့ရာမှ မတ် ၁၆ ရက်တွင် ၇၄ ဦးအထိကျဆင်းသွားခဲ့သည်။

လွန်ခဲ့သော သုံးရက်ဆက်တိုက်တွင် COVID-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဦးရေသည် ကူးစက်ခံရသူသစ်ဦးရေထက် ပိုမိုများပြားလာခဲ့သော်လည်း ခက်ခက်ခဲခဲရရှိခဲ့သည့် သင်ခန်းစာများကို မေ့မပစ်ရန် လိုအပ်ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ကင် ဂန်လစ်ကပြောဆိုခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်းရှိ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်သော ဒေဂူးမြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်များရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက သတိပေးပြောဆိုခဲ့သည်။ ဆိုးလ်မြို့တော်ဘက် ဆွန်နမ်မြို့၌ ဗိုင်းရပ်စ်အစုလိုက်အပြုံလိုက်ကူးစက်မှုတစ်ခုရှိခဲ့သည်။ ဆွန်နမ်ရှိ ပရိုတက်စ်တင့်ဘုရားကျောင်းတစ်ကျောင်း၌ မတ် ၁ ရက်နှင့် ၈ ရက် ဝတ်ပြုဆုတောင်းမှုများပြီးနောက် အသင်းဝင် ၄၀ ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု KCDC ကပြောဆိုခဲ့သည်။

ထို့ပြင် အဆိုပါဘုရားကျောင်းအသင်းဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့သည့် အခြားလူခြောက်ဦးသည်လည်း COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံသားများအနေဖြင့် လူစုလူဝေးပြုမှုများကို ရှောင်ရှားပြီး ကူးစက်မှုလျော့ကျစေရန်အတွက် ထိတွေ့ဆက်ဆံမှုများကို တတ်နိုင်သရွေ့လျှော့ချရန် လိုအပ်ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ကင်က ပြောဆိုခဲ့သည်။

ယခုအပတ်တွင် တောင်ကိုရီးယားသည် တရုတ်နှင့် အီရန်တို့မှ လာရောက်သည့် ခရီးသွားများအား COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိ တင်းကျပ်စွာစစ်ဆေးသကဲ့သို့ ဥရောပမှ လာရောက်သည့် ခရီးသွားများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။