အချို့သော အမေရိကန်နိုင်ငံရေးသမားများသည် COVID-19 ဗိုင်းရပ်စ်ကို အသုံးချကာ တရုတ်ကို နာမည်ဖျက်ရန် ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက မတ် ၁၅ ရက်တွင် ဖော်ပြလိုက်သည်။
အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေး ရောဘတ် အို ဘရိုင်ယန်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုတို့သည် COVID-19 ကို အသုံးချကာ "နိုင်ငံရေးဗိုင်းရပ်စ်" ဖြန့်ပြီး တရုတ်ကို နာမည်ဖျက်ရန် ကြိုးပမ်းနေကြောင်း ဆင်ဟွာ သတင်း အယ်ဒီတာ အာဘော်ကဏ္ဍက ဝေဖန်ခဲ့သည်။
အိုဘရိုင်ယန်က တရုတ်သည် COVID-19 ကို တုံ့ပြန်ရာတွင် နှေးကွေးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ဗိုင်းရပ်စ် ရင်ဆိုင်ရေး ကြိုတင်ပြင်ဆင်ရန် နှစ်လခန့် အချိန်နောက်ကျခဲ့ရကြောင်း ဝေဖန်ခဲ့ရာ တရုတ်က ဒေါသထွက်ခဲ့သည်။
ပွမ်ပီယိုကလည်း တရုတ်ထံမှ ဒေတာအချက်အလက် ပြည့်စုံစွာ မရသဖြင့် COVID-19 ကို အမေရိကန် တုံ့ပြန်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ပြည်သူသန်းပေါင်းများစွာကို သီးခြားခွဲထား စောင့်ကြည့်ခဲ့သည့် တရုတ်၏ ကြီးမားသော အားထုတ်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားသည် COVID-19 ရင်ဆိုင်ရေး အချိန်များစွာရခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက တုံ့ပြန်တင်ပြခဲ့သည်။
အမေရိကန်နှင့် တရုတ် ဆက်ဆံရေးသည် ယခင်ကတည်းက ကုန်သွယ်ရေး၊ မူပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့် အရေးများကြောင့် တင်းမာနေခဲ့ပြီး COVID-19 အရေးကြောင့် ပို၍ တင်းမာစရာ ဖြစ်လာခဲ့သည်။ ဗိုင်းရပ်စ်ကို COVID-19 ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမည်သတ်မှတ်ပေးထားသည့်တိုင် အမေရိကန်နိုင်ငံရေးသမားများက "ဝူဟန် ဗိုင်းရပ်စ်" ၊ "တရုတ် ဗိုင်းရပ်စ်" စသဖြင့် ခေါ်ဝေါ်နေဆဲဖြစ်ကြောင်း ဆင်ဟွာ အယ်ဒီတာ အာဘော်က ဝေဖန်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း COVID-19 သည် အမေရိကန်စစ်သည်များကတစ်ဆင့် တရုတ်နိုင်ငံထဲ ရောက်လာခြင်းဖြစ်နိုင်ကြောင်း တွစ်တာတွင် မှတ်ချက်ပေး ရေးသားခဲ့သဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်သံအမတ်ကို ဆင့်ခေါ်ကာ ကန့်ကွက်ကြောင်း အသိပေးခဲ့သည်။

















