ဗီယက်နမ်၌ COVID-19 ကူးစက်ခံရသူ ၅၇ ဦးရှိ၊နယူးဇီလန်၌ လူစုလူဝေးပြုခွင့်ပိတ်ပင်

ဗီယက်နမ်၌ COVID-19 ကူးစက်ခံရသူ ၅၇ ဦးရှိ၊နယူးဇီလန်၌ လူစုလူဝေးပြုခွင့်ပိတ်ပင်

ဗီယက်နမ်နိုင်ငံ၌ မတ် ၁၅ ရက်အနှောင်းပိုင်းအထိ COVID-19 ကူးစက်ခံရသူသစ်လေးဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် ကူးစက်ခံထားရသူ ၅၇ ဦးရှိနေပြီဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

နောက်ဆုံးကူးစက်ခံရသူများသည် နိုင်ငံခြားသားများဖြစ်ကြပြီး လတ်ဗီးယားနိုင်ငံသားတစ်ဦး၊ ဂျာမနီနိုင်ငံသားတစ်ဦးနှင့် ဗြိတိန်နိုင်ငံသားလေးဦးတို့ဖြစ်ကြသည်။ နိုင်ငံတွင်း COVID-19 ကူးစက်ခံရပြီးနောက် သေဆုံးသူမရှိသေးဘဲ ၁၆ ဦးသည်လည်း ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် ရှန်းဂန်ဇုန်နိုင်ငံများမှ လာရောက်သူများသည် သီးခြားထားရှိစောင့်ကြည့်ခံရမည်ဖြစ်ပြီး COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက မတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နယူးဇီလန်နိုင်ငံတွင်း လူ ၅၀ဝ ဦးထက်ကျော်လွန်ပြီး စုဝေးခွင့်မရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က မတ် ၁၆ ရက်တွင် ညွှန်ကြားချက်ထုတြ်ပန်ခဲ့သည်။ ထို့ပြင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းထက်ပိုမိုကြီးမားလိမ့်မည်ဖြစ်သည်ဟု နယူးဇီလန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု အာဒန်က ပြောဆိုခဲ့သည်။

သို့သော် ယခုလောလောဆယ်တွင် လူစုလူဝေးပြုမှုပိတ်ပင်ချက်၌ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကင်းလွတ်ခွင့်ရရှိထားမည်ဖြစ်ကြောင်း အာဒန်က ဆက်လက်ပြောဆိုခဲ့သည်။