COVID-19 ကာကွယ်ဆေး စမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စုတွင် မတ် ၁၆ ရက်က စတင်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး စမ်းသပ်ရန် အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) က ရန်ပုံငွေ ချထားပေးခဲ့ပြီး ဆီယက်တဲမြို့ရှိ Kaiser Permanent Washington Health Research Institute တွင် စမ်းသပ်လျက်ရှိသည်။
စမ်းသပ်ခံအဖြစ် ကျန်းမာသန်စွမ်းသော လူရွယ် လူလတ် ၄၅ ဦးက ပါဝင်ကူညီထားသည်။ ထိုသူများကို NIH နှင့် Moderna Inc တို့က ဖန်တီးထားသော ကာကွယ်ဆေးများဖြင့် စမ်းသပ်မည်ဖြစ်ကာ အများပြည်သူ အသုံးပြုနိုင်သည့် ကာကွယ်ဆေးအဆင့်ရောက်ရန် တစ်နှစ်မှ တစ်နှစ်ခွဲထိ အချိန်ယူစမ်းသပ်ရဖွယ်ရှိသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ကာကွယ်ဆေး မြန်နိုင်သမျှ မြန်မြန် ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုထားသည်။နိုင်ငံအများအပြားသည် COVID-19 ကာကွယ်ဆေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသပ်လျက်ရှိသည်။ တရုတ်နိုင်ငံသည်လည်း အိပ်ချ်အိုင်ဗွီဆေးဝါးကို အခြေခံသည့် စပ်ပေါင်းဆေးဖြင့် COVID-19 ကို တိုက်ဖျက်ရန် စမ်းသပ်နေသည်။
အီဘိုလာ တိုက်ဖျက်ရန် ထုတ်လုပ်ထားသော remdesivir ဆေးဝါးသည် COVID-19 ကိုလည်း နှိမ်နင်းနိုင်ကြောင်း အကြမ်းဖျင်းတွေ့ရှိထားသဖြင့် အမေရိကန်ပြည်ထောင်စုရှိ နီဘရာစကာ ဆေး တက္ကသိုလ်သည် ဂျပန်ရှိ အပျော်စီးသင်္ဘောပေါ်မှ COVID-19 ကူးလာသော အမေရိကန်နိုင်ငံသားအချို့ကို remdesivir ဆေးဝါးတိုက်ကျွေးကာ စမ်းသပ်လျက်ရှိသည်။
COVID-19 ကူးစက်ခံရသူ အများစုသည် သီတင်းနှစ်ပတ်ခန့် အနုစား ရောဂါလက္ခဏာမျှသာ ပေါ်တတ်ပြီး ပြန်ကျန်းမာသွားကြကာ၊ အချို့သည်လည်း သုံးပတ်မှ ခြောက်ပတ်ခန့် ပြင်းထန်လက္ခဏာများ ပေါ်ပေါက်ပြီးနောက် နာလန်ထလာသည်ကို တွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

















