ထိုင်းစစ်တပ်ရှိ သက်သာချောင်ချိရေးဌာနအကြီးအကဲ ဗိုလ်ချုပ် ရာချစ် အရွန်ရန်ဆီသည် COVID-19 ကူးစက်ခံထားရပြီး ထိပ်တန်းစစ်ဘက်အရာရှိများအပါအဝင် ၎င်းနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၆၀ ဦးခန့်ကို သက်ဆိုင်ရာနေအိမ်များတွင် သီးခြားထားရှိကာ စောင့်ကြည့်မှုများပြုလုပ်နေကြောင်း ထိုင်းစစ်တပ်က မတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သော ၁၄ ရက်အတွင်း ဗိုလ်ချုပ်ရာချစ်နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ပြန်ခြေရာခံနေကြောင်း စစ်တပ်၏အထူးအကြံပေး ဗိုလ်ချုပ် သာနာဖွန် ဆရီဆာဝတ်ကပြောဆိုခဲ့သည်။ ဗိုလ်ချုပ် ရာချစ်အား ဖရားမွန်ကတ်ကလောင်ဆေးရုံ၌ ကုသမှုများပြုလုပ်ပေးနေပြီဖြစ်သည်။
ဗိုလ်ချုပ် ရာချစ်နှင့် ထိတွေ့ဆက်ဆံခဲ့သည် တပ်မှူး ၃၆ ဦးအပါအဝင် လူ ၆၀ ဦးတို့အား သီးခြားထားရှိကာစောင့်ကြည့်နေကြောင်း ဗိုလ်ချုပ် သာနာဖွန်ကပြောဆိုခဲ့သည်။
သီးခြားထားရှိစောင့်ကြည့်ခံရသူများတွင် လွန်ခဲ့သောအပတ်အတွင်း အစည်းအဝေးတစ်ခုတည်းကို အတူတက်ရောက်ခဲ့သည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များပါဝင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ သို့သော် ယင်းစောင့်ကြည့်ခံရသူများတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အပီရတ် ကွန်ဆွမ်ပွန်ပါဝင်ခြင်းမရှိချေ။
အခြားလူများမှာ ယာဉ်မောင်းများနှင့် မိသားစုဝင်များဖြစ်ကြသည်။ သီးခြားစောင့်ကြည့်ခံရသူများ စည်းမျဉ်းလိုက်နာခြင်းရှိမရှိ ပုံမှန်စစ်ဆေးရန် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အပီရတ်က ညွှန်ကြားထားသည်။
ဗိုလ်ချုပ် ရာချစ်သည် မတ် ၁၃ ရက်တွင် စတင်နေထိုင်မကောင်းဖြစ်ခဲ့ပြီး ဆေးရုံတစ်ရုံသို့ရောက်ရှိသွားပြီးနောက် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

















